နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်းများကို ၂၀၁၉ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ဆက်လက်တင်သွင်းခွင့်ပြု

နေပြည်တော် ၃၁ ဇန်နဝါရီ 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အသေးစား/အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာ၌ အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၉ ခုနှစ်တွင် အထူးကိစ္စရပ်အနေဖြင့် ဆက်လက်တင်သွင်းခွင့်ပြုလိုက်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

 

အသုံးပြုပြီး စက်ပစ္စည်းများ တင်သွင်းခြင်းကို ပင်လယ်ရေကြောင်းမှသာ ခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်းတွင် အသုံးမတည့်သော စက်ပစ္စည်းများ စုံပုံနေခြင်း၊ ပတ်ဝန်းကျင် ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်နှင့် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေရန်တို့အတွက် ရည်ရွယ်၍ အသုံးပြုပြီးသည့် ခုနှစ် (၁၀)နှစ်ထက် မပိုသော တိုက်ရိုက်အသုံးပြုနိုင်မည့် စက်ပစ္စည်းများကို သတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

စက်ပစ္စည်းများကို တင်သွင်းခွင့်လျှောက်ထားရာတွင် စက်ပစ္စည်း၏ စံချိန်စံညွှန်း အပြည့်အစုံကို ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး Brand Name ၊ Capacity ၊ ထုတ် လုပ်သည့် ခုနှစ်၊ ထုတ်လုပ်သည့်နိုင်ငံ၊ စက်၏ သုံးစွဲသည့် စွမ်းအင်/လောင်စာတို့ကို ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 

 

သတ်မှတ်ချက်များတွင် အသုံးပြုနိုင်သည့် စက်အရည်အသွေးသည် ၈၀ ရာခိုင်နှုန်းထက် မနည်းသော အရည်အသွေး၊ အသုံးပြုပြီး စက်ပစ္စည်းတင်သွင်းရန်အတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်၊ အသုံးပြုပြီး စက်ပစ္စည်း၏ ပြည်ပနိုင်ငံတွင် Running Condition နှင့် ပတ်သက်၍ ဆိပ်ကမ်းဆိုက်ရောက်သည့် ရက်မတိုင်မီ ၆ လအတွင်း စစ်ဆေးထားသော Pre- shipment Inspection Certificate တင်ပြရမည်ဖြစ်ပြီး စက်မှုဖွံ့ဖြိုးပြီးသည့် နိုင်ငံမှ ခေတ်မီနည်းပညာဖြင့် ထုတ်လုပ်သော စက်ပစ္စည်းဖြစ်ရမည်ဖြစ်သည်။

 

ထို့ပြင် အမှန်တကယ် အသုံးပြုမည့် လုပ်ငန်းဖော်ပြချက်၊ အိုဇုန်းလွှာ ပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာ မွန်ထရီယယ် နောက်ဆက်တွဲ စာချုပ်၊ စတော့ ဟုမ်းကွန်ဗင်းရှင်း၊ ဘာဆယ်ကွန်ဗင်းရှင်းများအရ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီခြင်းရှိစေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထောက်ခံချက်တို့လည်း ပါရှိရမည်ဖြစ်ကြောင်း သိရသည်။

 

တင်သွင်းလာသော အသုံးပြုပြီး စက်ပစ္စည်းများကို တင်သွင်းလိုင်စင်ပါ လျှောက်ထားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို လိုအပ်ပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပြီး စစ်ဆေးချက်အရ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီခြင်း မရှိကြောင်း စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

သို့သော် အသုံးပြုသည့် ခုနှစ် ၁၀ နှစ်ထက် ကျော်လွန်နေသော်လည်း ပြည်တွင်း အသေးစား/ အလတ်စား လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေမည့် အရည်အသွေးမြင့် အသုံးပြုပြီး စက်ပစ္စည်းများဖြစ်ပါက အထူးကိစ္စတစ်ရပ်အနေဖြင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်အတူ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး အသုံးပြုပြီးစက်ပစ္စည်းများ တင်သွင်းခွင့်ပြုသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် သတ်မှတ်ချက်များကို နှစ်စဉ် ပြန်လည်သုံးသပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)