NCA တွင် ကရင်အမျိုးသားတိုးတက်ရေးပါတီ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ငြိမ်းချမ်းရေးကော်မရှင် အလွတ်သဘောဆွေးနွေး

ရန်ကုန် ၈ မတ်

 

ငြိမ်းချမ်းရေးကော်မရှင်(PC)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကိုယ်စားလှယ်အဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် မတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရုံး အစည်းအဝေးခန်းမ၌ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဝင် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ပါကကယားပြည်နယ် မြို့တော် လွိုင်ကော်တွင် တရားဝင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် KNPP က အဆိုပြုခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်းများကို မည်သည့်ပုံစံဖြင့် ဆက်သွားမည်၊ တပ်ဘက်ဆိုင်ရာကိစ္စရပ်များအား မည်သို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်၊ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မည်သည့်ပုံစံ ညှိနှိုင်းစီစဉ် ဆောင်ရွက်မည်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာသည့် ဖြစ်စဉ်တွင် KNPP အနေဖြင့် မည်သည့်ပုံစံမျိုးဖြင့် ပါဝင်စုဖွဲ့ရန်နှင့် နိုင်ငံတကာပါဝင်မှု အခန်းကဏ္ဍများနှင့် ပတ်သက်၍ တိကျသည့်အကန့်အသတ်ထားရှိရန်တို့ကို တရားဝင်ဆွေးနွေးပွဲများတွင် ဆွေးနွေးနိုင်ရန်ပြောကြားခဲ့ကြောင်း KNPP ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်ထံမှ သိရသည်။

 

ခူဦးရယ်က “အထူးသဖြင့်တော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ အခင်းအကျင်းတွေကို ကျွန်တော်တို့ ဘယ်လိုဆက်သွားမလဲ၊ တပ်ဘက်ဆိုင်ရာကိစ္စတွေကို ကျွန်တော်တို့ ဘယ်လို ဆက်လက်ညှိနှိုင်း ဆောင်ရွက်မလဲ၊ နောက်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လိုညှိနှိုင်း စီစဉ်ဆောင်ရွက်ကြမလဲ၊ JMC ဆိုတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာတဲ့ဖြစ်စဉ်မှာ ကျွန်တော်တို့ ဘယ်လို စုဖွဲ့ကြမလဲ၊ နိုင်ငံတကာ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ NCA မှာ ပြဋ္ဌာန်းထားတာက လေ့လာသူများ အဖြစ်ရော၊ အကြံပေးအဖြစ်ရော နောက်နည်းပညာအထောက်အကူပြုအဖြစ်ပါ ပါဝင်ခွင့်ပြုထား တာရှိပါတယ်၊ ဒါပေမဲ့ ဘယ်လိုပါဝင်ခွင့်ပြုမလဲဆိုတဲ့ အကန့်အသတ်ကိုတိတိကျကျ ဆွေးနွေး ဖို့ပါ၊ ဒါတွေက အဓိက အကြောင်းအရာအနေနဲ့ ထားပြီးဆွေးနွေးတာဖြစ်ပါတယ်၊ အဖြေထွက်မယ်၊ မထွက်ဘူးက နောက် တရားဝင်တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပမှပဲ သိရမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက “ဒီနေ့က အလွတ်သဘောအစည်းအဝေးဖြစ်တယ်၊ အခု NCA ထိုးဖို့အတွက် KNPP ရဲ့ အခက်အခဲတွေ ပြောတယ်၊ NCA လေ့လာသူ၊အကြံပေးတွေကတော့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DNP) နဲ့ ဆွေးနွေးစဉ်က အကျယ်တဝင့် ဆွေးနွေးပြီးပြီ၊ ဘယ်လိုပုံစံ စမလဲ၊ ဘယ်အချိန်မှာ ဘာလုပ်ကြမလဲဆိုတာတော့ ဆွေးနွေးဖို့ရှိမယ်၊ ကျန်တာတွေကတော့ NCA က ချမှတ်ထားတဲ့ ပုံစံတွေအတိုင်းသွားဖို့ ကျွန်တော်တို့ဘက်က ဆွေးနွေးတယ်၊ ခြုံပြောရင် အလွတ်သဘောမို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်၊ စိုးရိမ်မှုတွေလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးတယ်၊ အရင်ထက်စာရင် ပိုနီးစပ်မှုရှိလာပြီ၊ တရားဝင်ဆွေးနွေးပွဲ အဖြေကို ကြည့်ပြီးမှပဲ တိတိကျကျပြောနိုင်မယ့်သဘောရှိပါတယ်၊ တရားဝင်ဆွေးနွေးပွဲကျင်းပဖို့ အချိန်ထပ်ညှိမယ်၊ ကျင်းပနိုင်တဲ့ ဆွေးနွေးမှုရလဒ်အပေါ် မူတည်ပြီးတော့ ကျန်တာတွေ ဆက်သွားမယ်၊ကျွန်တော်တို့ နှစ်ဖက်လုံးက ရည်မှန်းချက်တူတယ်၊ ကြီးကြီးမားမား ကွဲလွဲတာမရှိဘူး၊ NCA ထိုးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဖို့ သူတို့အနေနဲ့ တူညီတယ်၊ တရားဝင်ဆွေးနွေးပွဲပေါ်မူတည်ပြီး ရလဒ်ကောင်းတွေ ထွက်လာပြီဆိုကျွန်တော်တို့ မှန်းထားတဲ့ အနေအထားတွေ ထွက်လာနိုင်တယ်”ဟု ပြောသည်။

 

KNPP အနေဖြင့် အစိုးရနှင့် တရားဝင်ဆွေးနွေးပွဲများ ကျင်းပပြီးတရားဝင် တွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်ပါက ရန်ကုန်တွင်မဟုတ်ဘဲကယားပြည်နယ် မြို့တော် လွိုင်ကော်တွင် တရားဝင်တွေ့ဆုံ ဆွေးနွေးမှု လုပ်ရန်ယနေ့ဆွေးနွေးပွဲတွင် အဆိုပြုခဲ့ကြောင်း သိရသည်။

 

ခူဦးရယ်က “တရားဝင် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင် ရန်ကုန်မှာမဟုတ်ဘဲ ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာပဲ တရားဝင်တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အဆိုပြုခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုရင် ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်အဆင့်က အစိုးရအရာရှိတွေ၊ တပ်မတော်အကြီးအကဲတွေပါ ပါဝင်ပြီးတော့ ဆွေးနွေးခြင်း၊ နားထောင်ခြင်း၊ သိရှိခြင်းအနေနဲ့ ပါဝင်မှပဲ ဒီသဘောတူညီချက်တွေ ရလာမယ်ဆိုရင် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ အခင်းအကျင်းရောက်လာမယ်၊ ဒါဆိုရင် ဘာမှညွှန်ကြားနေစရာမလိုဘဲ အလိုလို အဆင်ပြေပြေနဲ့ ဘယ်လိုတာဝန်ယူရမယ်၊ ဘယ်လိုတာဝန်ခံရမယ်ဆိုတဲ့ အရာရာကိုသိနှင့်ပြီးသား ဖြစ်လိမ့်မယ်လို့ အမြင်ရှိလို့ လွိုင်ကော်မှာ ကျင်းပဖို့ ကျွန်တော်တို့အဆိုပြုခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။

 

အစိုးရနှင့် KNPP တရားဝင်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်အတွက်(၁) လွိုင်ကော်၊ (၂)လွိုင်ကော်-ရန်ကုန်၊ (၃) ရန်ကုန်တွင်တစ်လှည့် လွိုင်ကော်တွင် တစ်လှည့် ပုံစံသုံးမျိုးအနက်မှ ကြိုက်သည့် ပုံစံတစ်ခုဖြင့် ဆွေးနွေးနိုင်ရန်ပုံစံသုံးမျိုး တင်ပြပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးထံမှ သိရသည်။

 

“သူတို့ကတော့ လွိုင်ကော်မှာ အဆိုပြုတယ်၊ ကျွန်တော်တို့ဘက်က တရားဝင်အစည်းအဝေးအတွက် နေရာသုံးခုကို လူကြီးတွေဆီတင်ပြပြီး ပြန်အကြောင်းပြန်ပါ့မယ် ပြောထားတယ်၊ လွိုင်ကော်မှာလည်း ဖြစ်နိုင်တယ်၊ရန်ကုန်-လွိုင်ကော် နှစ်ဖက် ပုံစံဆွေးနွေးတာလည်း ဖြစ်ရင်ဖြစ်မယ်၊ နောက်ရန်ကုန် တစ်ခု၊ လွိုင်ကော်တစ်ခုခွဲပြီး ဆွေးနွေးတာလည်း ဖြစ်နိုင်မယ်၊ လွိုင်ကော်မှာ တရားဝင်တွေ့ဆုံဆွေးနွေးမှုရအောင် သူတို့ပြောတာတွေကိုလည်းလက်ခံတယ်၊ အဓိကက ဘာကြောင့်လဲဆိုတော့ ဃြဗ ထိုးပြီးသွားရင် အကောင်အထည်ဖော်ရတဲ့ လက်တွေ့အဆင့်က ပြည်နယ်အဆင့်မှာရှိတော့ ပြည်နယ်ကလူတွေ သိထားဖို့ သင့်တယ်၊ ဒါကို လူကြီးတွေဆီ တင်ပြမယ်၊ကြားထဲမှာ တရားဝင်ဆွေးနွေးပွဲတွေ အမြန်လုပ်သွားဖို့ရှိမယ်” ဟု ဦးဇော်ဌေးက ဖြေကြားသည်။

 

ယနေ့သည် KNPP အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ပြည်နယ်အဆင့် သဘောတူငြိမ်းချမ်းရေးလက်မှတ် (Bilateral Agreement)ရေးထိုးခဲ့သည့် ခြောက်နှစ်တင်းတင်း ပြည့်သည့်နေ့ဖြစ်ပြီး KNPP အနေဖြင့်အစိုးရသစ်ဖြင့် ပထမဆုံး တွေ့ဆုံညှိနှိုင်းခြင်းဖြစ်သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အစိုးရသစ်လက်ထက်မှာ KNPP အနေနဲ့ ပထမဆုံးတွေ့ဆုံတာ၊ ခါတိုင်းက DNP အနေနဲ့ပဲ တွေ့တာ၊ အစိုးရဘက်က NCA လက်မှတ်ရေးထိုးနိုင်ဖို့ကို ဆွေးနွေးတယ်၊ သူတို့ဘက်က နဂိုထိုးထားတဲ့ Bilateral ကိစ္စတွေ၊ လွိုင်ကော်မှာ တရားဝင်ဆွေးနွေးပွဲလုပ်ဖို့တွေအဆိုပြုတယ်၊ ဆွေးနွေးတာတော့ ကောင်းပါတယ်၊ ယုံကြည်မှု ပိုရှိလာတယ်၊ ဒီလကုန် ဒါမှမဟုတ် လဆန်းလောက်မှာ တရားဝင်ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့မျှော်လင့်ရတယ်”ဟု ပြောသည်။

 

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ကိုယ်စားလှယ်အဖွဲ့ တို့၏ တရားဝင်ဆွေးနွေးမှုသည် ယခုမတ်လအကုန် သို့မဟုတ် ဧပြီလဆန်းတွင် တွေ့ဆုံနိုင်ဖွယ်ရှိပြီး ယနေ့ကျင်းပသည့်အလွတ်သဘောဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦးနှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ၊ KNPP မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် နှစ်ဖက်ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သည် ယနေ့တွေ့ဆုံမှုအတွက် သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကာ ညနေပိုင်းတွင်ဒုတိယဥက္ကဋ္ဌ ခူဦးရယ်သည် ရန်ကုန်မြို့ ပါရမီဟိုတယ်၌ မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။

သတင်း-ရဲခေါင်ညွန့်
ဓာတ်ပုံ-KNPP