NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရထံသို့ UNFC အဆိုပြုထားသည့်အချက် ကိုးချက်အနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များကို သတ္တမအကြိမ် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေး

ရန်ကုန် နိုဝင်ဘာ ၈ 

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး ၌ ကျင်းပသည်။

အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များသည် တိုးတက်မှုရှိလာကြောင်း၊ ယင်းသို့ တိုးတက်လာသည့် ဖြစ်စဉ်များအပေါ် ယနေ့တက်ရောက်လာကြသော နှစ်ဖက်ခေါင်းဆောင်များမှ ကဏ္ဍအလိုက်ဝိုင်းဝန်း ပံ့ပိုးကာနိုင်ငံတော်တိုးတက်ရေးနှင့် နိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ လိုအပ်နေသော ငြိမ်းချမ်းရေးကိုပူးပေါင်းလုပ်ဆောင်ပေးစေလိုကြောင်း၊ အားလုံးစည်းစည်းလုံးလုံးဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ခရီး အတွက် ယခုအစည်းအဝေးမှ နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေး အဖြေရှာကာ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သော NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးစားပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့အကြား NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးလာသည်မှာ (၁၅) လအတွင်း ရှစ်ကြိမ်ခန့် ရှိလာပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးမှုတွင် မပြီးပြတ်ခဲ့ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သတ်၍ တပ်နေရာချထားမှုများ၊ ကြားကာလ ဆောင်ရွက်ချက်ကိစ္စများ၊ နိုင်ငံခြားသား ပါဝင်မှုအခန်းကဏ္ဍ ကိစ္စများနှင့်ပတ်သက်သည့် JMC လုပ်ငန်း ကိစ္စများကို ပြေပြေလည်လည်ဖြစ်စေရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊
ယနေ့ ဆွေးနွေးပွဲတွင် JMC ကော်မတီမှ အဖွဲ့ဝင်များ ပါဝင်တက်ရောက်သည့်အတွက် JMC လုပ်ငန်း ဆိုင်ရာနှင့် ပတ်သက်သော မကျေလည်မှုများ၊ မရှင်းလင်းသည့် မေးခွန်းများအား EAOs များဘက်မှ မေးမြန်းခဲ့လျင်လည်း ကျေလည်သည်အထိ ပြန်လည်ရှင်းလင်းဖြေကြားသွားမည် ဖြစ်ကြောင်း၊ အချို့သော လုပ်ငန်းများသည် NCA လက်မှတ်ရေးထိုးပြီးသော အဖွဲ့များနှင့် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ ကြားကာလအစီအစဉ် လုပ်ငန်းများတွင်လည်း NCA လက်မှတ်ရေးထိုးပြီးသော အဖွဲ့များနှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်နေရာချထားရေး အစီအစဉ်မှာလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယင်းအခြေအနေများကို ရှေ့ဆက်၍ မည်သို့မည်ပုံ ဆောင်ရွက်သွားမည် ဆိုသည်ကို နှစ်ဖက်ချမှတ်ထားသည့် မူဝါဒများရှိသည့်အတွက် ပြေပြေလည်လည် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တပ်ပိုင်းဆိုင်ရာ JMC လုပ်ငန်းများတွင် မသိသေးသောအချက်များကို ရှင်းလင်းသွားမည်ဖြစ်ပြီး နိုင်ငံတော်၏ ငြိမ်းချမ်းရေးမဟာဗျူဟာ ဖြစ်သော NCA စာချုပ်အား အတူတကွ လက်မှတ်ထိုးနိုင်ရေး ဆန္ဒပြုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့ခေါင်းဆောင် ခူဦးရယ်က အဆိုပြုချက် အချက် (၉)ချက်တွင် ဆွေးနွေးရန် အဓိကကျန်ရှိနေသေးသော အဆိုပြုချက် အချက်နံပါတ် (၅)ပါ စစ်ဖက်ဆိုငိရာ ကိစ္စရပ်များအား အကျယ်ချဲ့ကာ အသေးစိတ်ဆွေးနွေးနိုင်ရန် ယနေ့ဆွေးနွေးပွဲတွင် DPN အဖွဲ့အနေဖြင့် တာဝန်ရှိသူများ ပါဝင်ပါကြောင်း၊ အဆိုပြုချက် အချက် (၈)ချက်၏ အချက်နံပါတ် (၅) တွင်ပါဝင်သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများနှင့် နှီးနွှယ်သော အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ PC နှင့် DPN တို့ တွေ့ဆုံဆွေးနွေးလာကြသည်မှာ ယခုအကြိမ်တွင် ခုနှစ်ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သောကြောင့် တစ်ဖက်နှင့် တစ်ဖက်သဘောထားအမြင်များကို နားလည်မှုရှိနေကြပြီ ဟုယူဆရကြောင်း၊ နားမလည်နိုင်သေးသည့် အချက်များမရှိနိုင်တော့ဟု မှတ်ယူမိကြောင်း၊ သို့သော် နားလည်ယုံဖြင့် မဟုတ်ဘဲ အခြေခံအားဖြင့် မည်သို့သဘောတူညီချက် ရရှိနိုင်မည်ဆိုသည်ကို ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း၊ (၁၅)လဆိုသောအချိန်သည် အလွန်ကြာညောင်းလှသည့် ကာလဖြစ်ပြီး ဆွေးနွေးနေသော အချက်သည် (၈)ချက်သာလျင်ရှိကြောင်း၊ ယခုသဘောတူညှိနှိုင်းမှု ရရှိရေးဆွေးနွေးပွဲအား နောက်ဆုံးအကြိမ်ဆွေးနွေးသည့် အစည်းအဝေးဖြစ်ရန်မှာ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးကြသော ခေါင်းဆောင်းများ၏ လက်ထဲတွင်သာရှိကြောင်း၊ အဖြေရှာဆွေးနွေးသည့် အခါတွင်လည်း တူညီသောသဘောထားများအား တက်လှမ်းကာ ဆုံးဖြတ်ချက်ချ၍ အဖြေရှာနိုင် စေလိုကြောင်း ပြောကြားသည်။

ယနေ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစု ဖက်ဒရယ် ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA )လက်မှတ် ရေးထိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံသို့ အဆိုပြုတောင်းဆိုထားသည့် အချက် ကိုးချက်အနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ NCA လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စများနှင့် အထွေထွေကိစ္စရပ်များ ကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဦးနိုင်ငံလင်းနှင့် ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-U) မှ အရပ်သားကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ Re.v စောမက်သရူးအေးနှင့် အဖွဲ့ဝင်များ၊ DPN မှ အဖွဲ့ခေါင်းဆောင် ခူဦးရယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးနှင့် အဖွဲ့ဝင်များ၊ လေ့လာသူများအဖြစ် NCA လက်မှတ်ရေး ထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ မှ ပဒိုစောကွယ်ထူးဝင်း၊ ရဲဘော်သံခဲတို့ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ အကျိုးဆောင်အဖွဲ့များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များတက်ရောက်ကြသည်။

ယနေ့အစည်းအဝေးမှ ဆွေးနွေးရန်ကျန်ရှိနေသော အချက်များအား နိုဝင်ဘာ ၉ ရက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး