NCA စာချုပ်ကို လေးနှစ်ပြည့်အောင် ထိန်းထားနိုင်တယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်

၂၉  အောက်တိုဘာ

ပြည်တွင်းငြိမ်းချမ်းရေးသမိုင်းစာမျက်နှာသစ်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ အစည်းအဝေးများကို သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ပထမအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ကျင်းပခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၂၄ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၁)အဖြစ် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၃၇ ချက်ကို ညီလာခံတွင်လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)အဖြစ် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၁၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် စုစုပေါင်းဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅၁ ချက်ရရှိခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးအပြီး တွင် နိုင်ငံရေးဆွေးနွေးပွဲများ၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည် ဆွေးနွေးခြင်း၊ ဘုံနားလည်မှုရှာဖွေခြင်းများအတွက် တွေ့ဆုံဆွေးနွေးမှု ကြိမ်ဖန်များစွာ ပြုလုပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်း အဝေးကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိ သည်။

ယနေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ရာ ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အကောင်အထည် ဖော်ဆောင်နေမှုများနှင့် စပ်လျဉ်း၍ ပါဝင်တက်ရောက်ကြသူများ၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည် -

 

Hla mg shwe

 

ဦးလှမောင်ရွှေ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး

အဖွဲ့ဝင်

NCA ကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ အရေးပါတဲ့နေရာမှာရှိတယ်။ အဲဒီတော့ အခု ကျွန်တော်တို့ NCA လမ်းကြောင်းအတိုင်း ဆက်ပြီးဆောင်ရွက်နေတယ်။ အခု ကျွန်တော်တို့ NCA မှာ ပြဋ္ဌာန်းထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလည်း ဆောင်ရွက်နေဆဲဖြစ်တယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း ကျွန်တော်တို့ ကျင်းပခဲ့တယ်။ သိပ်မကြာခင် ကာလမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဒီအစည်းအဝေးပွဲအကြို JICM ရဲ့ အစည်းအဝေးတွေကို လုပ်ခဲ့တာရှိပါတယ်။

ဒီနေ့ အခမ်းအနားပြီးရင်လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်က တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ NCA လမ်းကြောင်းအတိုင်း အောင်မြင်တဲ့အထိ ဆက်ပြီးလျှောက်လှမ်းသွားရမှာပါ။ NCA ရဲ့ လမ်းပြမြေပုံ ခုနစ်ခုရှိတဲ့အထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေကျင်းပပြီး အဲဒီကနေ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိအောင်လုပ်မယ်။ ပြီးရင် အဲဒါတွေ ကိုဆက်ပြီးတော့ အကောင်အထည်ဖော်မယ်။ မူအားဖြင့်တော့ ဒီမိုကရေစီနဲ့ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးပွဲရလဒ်နဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်ရမှာဖြစ်တယ်။ ဒီနေ့ကျင်းပတဲ့ NCA နှစ်ပတ်လည်ကတော့ ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုပါပဲ။ အစိုးရ၊ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ယုံကြည်မှုတည်ဆောက်ပြီး ဆက်သွားရမယ်။ ဒီခရီးကိုစိတ်ရှည်သည်းခံ ပြီးတော့ အချိန်တစ်ခုပေးရမယ်။ အရေးကြီးဆုံးကတော့ ယုံကြည်မှုရှိရမယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးကြဖို့ ဒီနေရာကနေ မေတ္တာရပ်ခံလိုပါတယ်။

ကျွန်တော်တို့ အလုပ်အမှုဆောင် အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ လာမယ့်နှစ်ဦးပိုင်း ဇန်နဝါရီလ၊ ဖေဖော်ဝါရီလမှာ ညီလာခံကျင်းပဖို့ အဆိုပြုထားတာရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက် က NRPC မှာလုပ်တဲ့ အကြိုဆွေးနွေးပွဲမှာတော့ အားလုံးသဘောတူထားတယ်။ ဘယ်တော့လောက် လုပ်မလဲဆိုတာကို ပြန်ညှိ ရဦးမယ်။ ပြီးရင် နိုင်ငံရေးပါတီတွေဘက်ကလည်း ၂၄ ပါတီရှိတဲ့အတွက် သူတို့ဘက်မှာလည်း ပြန်ညှိရမယ်။ မနှစ်က NCA နှစ်ပတ်လည် လုပ်ပြီးတဲ့အချိန်မှာ အခက်အခဲအချို့ရှိခဲ့တဲ့ အတွက် တရားဝင်ဆွေးနွေးပွဲတွေထက် အလွတ်သဘော ဆွေးနွေးပွဲတွေနဲ့သွားခဲ့ရ တယ်။ အဲဒါတွေရပ်လိုက်ပြီး တရားဝင် ဆွေးနွေးပွဲတွေလုပ်ဖို့ ပြင်ဆင်နေတော့ သိပ်မကြာခင် ၂၀၂၀ နှစ်ဆန်းပိုင်းမှာပဲ ညီလာခံတစ်ရပ် ကျင်းပပြီးတော့ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့မူဝါဒတွေလည်း ရနိုင်မယ်။ အားလုံးမပြီးရင်တောင် ပြီးနိုင်သလောက်တော့ ရလိမ့်မယ်လို့ ယုံကြည်တယ်။

ကျွန်တော့်အမြင်ကတော့ စိန်ခေါ်မှုသုံးခုတွေ့တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေများတယ်။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ရှိတယ်။ NCA လက်မှတ်မထိုးရ သေးတဲ့အဖွဲ့ ရှစ်ဖွဲ့ရှိတယ်။ ဒီအပေါ်မှာ ညှိရတာ အခက်အခဲတစ်ခုရှိတယ်။ နောက်တစ်ချက်က ပဋိပက္ခကရှည်ကြာခဲ့တဲ့အခါ ယုံကြည်မှုတည်ဆောက်တဲ့ လုပ်ငန်းစဉ်က ထင်သလောက်မမြန်ဘူး။ အဲဒါကို ဝိုင်းပြီးတော့လုပ်ဖို့လိုတယ်။ တတိယတစ်ချက်ကတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုကိုက ကိုယ်နဲ့မတူတာကို ညှိနှိုင်းမယ်ဆိုတာကို အခုမှစမ်းပြီးတော့ လုပ်ကြရတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အနည်းငယ်ပိုကြာတယ်လို့ ထင်ရတာ ဖြစ်ပါတယ်။

 

Tar Hla Pe

 

တာလှဖေ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး

အဖွဲ့ဝင်

ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ အားလုံးဝိုင်းတွန်းရင်ရွေ့မှာပါ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ မြန်မြန်ထက်ထက် အားလုံးပါဝင် လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အခု ကျွန်တော်တို့က လွှတ်တော်၊ တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေပါတဲ့ UPDJC ကတော့ အစွမ်းကုန်ကြိုးစားနေတယ်။ ထိုနည်းတူစွာပဲ ကျွန်တော်တို့ NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေ ပါဝင်လာဖို့ကိုလည်း NRPC က ဦးဆောင်ပြီးတော့ လုံးပန်းနေကြတယ်။ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံက တစ်နှစ်ကို နှစ်ကြိမ်ကျင်းပဖို့ လျာထားတာ၊ မကျင်းပနိုင်ခဲ့ဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီအစိုးရလက်ထက်မှာ ကျင်းပနိုင်အောင် ကြိုးစားမယ်။ စတုတ္ထအကြိမ်ကျင်းပမယ့် ညီလာခံမှာတော့ ရှေ့ကို ဘယ်အစိုးရပဲတက်တက် ရွေးကောက်ပွဲဘယ်လိုပဲပြီးပြီး ငြိမ်းချမ်းရေးဖြစ်စဉ်ကိုတော့ ဆက်ပြီးဆောင်ရွက်ကြဖို့ သဘောတူညီချက် တစ်ခုတော့ရအောင် တည်ဆောက်သွားချင် ပါတယ်။

 

Khun Auker

 

ခွန်ဥက္ကာ(နာယက)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်နေတာမဟုတ်ပါဘူး။ သိသိသာသာ မမြင်ရပေမယ့် အောက်မှာ တွေ့ဆုံမှုတွေက အများကြီးရှိပါတယ်။ ဒီနေ့ပြုလုပ်တဲ့ NCA (၄) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ပွဲကလည်း တရားဝင်နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ်ကို ခြေတစ်လှမ်းထပ်တိုးတယ်လို့ ပြောလို့ရပါတယ်။ NCA လမ်းကြောင်းကနေ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ အများကြီးရှိပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နှေးကွေးသွားတာဟာ အကြောင်းအမျိုးမျိုးရှိပြီး ဒီလုပ်ငန်းစဉ်တိုင်းမှာပါဝင်တဲ့ အင်အားစုအားလုံးမှာ တာဝန်ရှိပါတယ်။

အထူးသဖြင့် NCA မှာပါတဲ့ ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ နားလည်မှု လွဲမှားတာလေးတွေရှိတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတဲ့စာအုပ်ကို ကျွန်တော်ကိုယ်တိုင်လည်း ရေးပါတယ်။ သို့သော် ဘုံသဘောတူညီ ချက်မရဘူး။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဘုံတူညီစွာ လက်ခံတယ်ဆိုပြီး လက်မှတ်ရေးထိုးထား တာမရှိတော့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လိုအပ်သလို ကိုယ့်အတွက် အကျိုးရှိမယ့်ဘက်ကို ဆွဲပြီးတော့ အဓိပ္ပာယ်ဖွင့်ကြတယ်။ ဒါတွေဟာ နားလည်မှုလွဲဖို့ အခြေခံအကြောင်းတရားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် NCA ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ဘုံသဘောတူညီချက်ရမယ် ဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။

 

Dr slaine

 

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)

ဒုတိယဥက္ကဋ္ဌ

ဒီနေ့က NCA စာချုပ် လက်မှတ်ရေးထိုး ခဲ့တာလေးနှစ် ပြည့်ပါပြီ။ NCA စာချုပ်ကို လေးနှစ်ပြည့်အောင် ထိန်းထားနိုင်တယ်ဆိုတာ အင်မတန်မှ ကြီးမားတဲ့လုပ်ဆောင်မှုဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး NCA လမ်းကြောင်းအတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ တစိုက်မတ်မတ် လုပ်နိုင်ခဲ့တယ်။ သို့သော် ပြီးခဲ့တဲ့နှစ်ကစပြီး ဒီနေ့အထိ နည်းနည်းတစ်ဆို့မှုကလေးတွေ ရှိတယ်ဆိုတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေပေမယ့် အကောင်းဆုံး မဖြစ်လာသေးတဲ့အတွက် ပြည်သူလူထုကိုအနူးအညွတ်ပဲ မေတ္တာရပ်ခံချင်ပါတယ်။ NCA ရေးထိုးတာ သုံးနှစ်ပြည့်ပြီးတဲ့နောက်ပိုင်းမှာ တစ်ဆို့မှုလေးတွေ ရှိနေတာကို ကျွန်တော်တို့ ပြန်ပြီးတော့ အစပျိုးနိုင်ဖို့အတွက် JICM အစည်းအဝေးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့မှာ နေပြည်တော်မှာပဲ JICM ညှိနှိုင်းရေးအစည်းအဝေး ကျွန်တော်တို့ ကျင်းပခဲ့ပါတယ်။ ရလဒ်ကောင်းတွေလည်း အများကြီးထွက်လာပါတယ်။ JICM ကိုသာ ကျွန်တော်တို့ ပြန်ပြီးတော့ ခေါ်ယူနိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ် NCA လမ်းကြောင်းအတိုင်း အပြည့်အဝ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည်ပွဲဟာ ပျော်ရွှင်တဲ့ပွဲ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်တဲ့ပွဲကနေ ငြိမ်းချမ်းရေးရသည်အထိ ကျွန်တော်တို့ ဝိုင်းပြီးတော့ဆောင်ရွက်ဖို့ ပြည်သူထူထုတစ်ရပ်လုံးကို အလေးအနက် တိုက်တွန်းချင်ပါတယ်။ နှောင့်နှေးမှု၊ အဆင်မပြေမှုတွေ ရှိတယ်ဆိုတာလည်း ကျွန်တော် ရိုးသားစွာဝန်ခံချင်ပါတယ်။ ကျွန်တော်တို့လည်း အားလုံးဝိုင်းဝန်းကြိုးစားပြီး အကောင်းဆုံးလုပ်ပါ့မယ်လို့ ကတိပေးချင်ပါတယ်။

 

Khun myint tun

 

ခွန်မြင့်ထွန်း(ဒုတိယဥက္ကဋ္ဌ)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)

ကျွန်တော်တို့ NCA အကောင်အထည်ဖော်တာ လေးနှစ်ရှိခဲ့ပါပြီ။ ငြိမ်းချမ်းရေး ဖြစ်စဉ်က လွယ်လွယ်ကူကူတော့ သွားနေရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ NCA စာချုပ်လိုမျိုး ခိုင်ခိုင်မာမာချုပ်ဆိုပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးတာ ဒီတစ်ခုပဲရှိပါတယ်။ NCA က ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်ကတော့ အလုပ်လုပ်လို့ရတဲ့အကောင်းဆုံးတစ်ခုဖြစ်ပါတယ်။ လောလောဆယ်မှာ NCA မှာ မပါဝင်သေးတဲ့အဖွဲ့တွေ ကိုလည်း တစ်ချိန်မှာ NCA မှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကောင်အထည်ဖော်တဲ့အခါမှာ အထူးအားဖြင့် ယုံကြည်မှုက အဓိကကျပါတယ်။ ဆွေးနွေးဘက်တွေကြားမှာ အပြန်အလှန်ယုံကြည်မှုတွေပေးမှ NCA ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ NCA မှာပါတဲ့အချက်တွေ ဘယ်လောက်ပဲကောင်းကောင်း အဓိကဖြစ်တဲ့ ယုံကြည်စိတ်က အားနည်းနေဦးမယ်၊ တကယ့်ငြိမ်းချမ်းရေးကိုလိုချင်တဲ့ စိတ်ဆန္ဒကလည်း ပြောရလောက်အောင် မရှိသေးဘူးဆိုရင် NCA အကောင်အထည်ဖော်ဖို့က အနည်းနဲ့ အများတော့ အားနည်းနေဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေးစိတ်ဆန္ဒ ၊ အပြန်အလှန်ယုံကြည်မှု များတာနဲ့အမျှ NCA အကောင်အထည်ဖော်မှုက မြန်မြန်ဆန်ဆန် ပီပီပြင်ပြင်ဖြစ်လာပြီး ကျွန်တော်တို့ တိုင်းပြည်ဟာ ငြိမ်းချမ်းရေးရလာနိုင်မှာ ဖြစ်ပါတယ်။

NCA ကို ကျွန်တော်တို့ လက်မှတ်ထိုးလိုက်တဲ့အခါမှာ သမိုင်းအပြောင်းအလဲဖြစ်ပါတယ်။ အဲဒါဘာလဲဆိုရင် တပ်မတော်က NCA ကို လက်မှတ်ထိုးလိုက်တဲ့အခါမှာ ဖက်ဒရယ်မူဆိုတာ ပေါင်းစည်းရေးပဲလို့ လက်ခံပြီး လက်မှတ်ရေးထိုးပေးလိုက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ သမိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အခုလို ငြိမ်းချမ်းရေးဖြစ်စဉ် ကို အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူ လူထုရဲ့ မျက်စိအောက်မှာအားလုံးက အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ နိုင်ငံတကာအပါအဝင် ပြည်သူလူထု မျက်စိအောက်မှာ အလုပ်လုပ်ကြရတာကိုက ထိန်းကျောင်းမှုတစ်ခု ဖြစ်နေတယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့က အဓိကအချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်က အင်အားသုံးဖြေရှင်း တာတွေမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံရမယ်။ နောက်တစ်ခုက ပြည်သူလူထုပါဝင်ပြီး ပြည်သူလူထုပိုင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဖြစ်မှ အောင်မြင်မှုရရှိမှာဖြစ် ပါတယ်။

 

Pado sawdardomu

 

ပဒိုစောတာဒိုမူး

ကရင်အမျိုးသားအစည်းအရုံး(KNU)

အထွေထွေအတွင်းရေးမှူး

ဖြတ်သန်းခဲ့တဲ့ လေးနှစ်တာ အတွေ့ အကြုံထဲမှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ ကျွန်တော်တို့ အတူတကွ ဘယ်လို ရှေ့ဆက် အကောင်အထည်ဖော်ရဦးမယ် ဆိုတာက အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ အခက်အခဲကတော့ ရှိမယ်။ မတူညီတဲ့စနစ် အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတဲ့ လူမှုအသိုင်း အဝိုင်းမှာ ကြီးပြင်းလာခဲ့ရတဲ့အခါ ကျွန်တော် တို့ ချက်ချင်းအဖြေရှာနိုင်ဖို့ဆိုတာထက် အဖြေရအောင် တစိုက်မတ်မတ်နဲ့ ရှေ့ဆက်သွားကြမယ်ဆိုတာက အရေးကြီးပါတယ်။ NCA အပေါ်မှာ နားလည်မှုတွေက မတူကြဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြဘူးဆိုတာ အဓိက ဖြစ်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေအနေနဲ့ တာဝန်ရှိတာက ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေပြနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ မကြိုးစားနိုင်ဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်နေ တဲ့အခါ တစ်ဖက်က လက်မှတ်မထိုးရသေး တဲ့အဖွဲ့တွေအတွက်က စဉ်းစားစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစိုက်မတ်မတ်နဲ့ လိုချင်တာကိုဆက်သွားနိုင်အောင် အဖြေရှာဖို့ လိုပါတယ်။ အနှစ် ၇၀ ကျော်ကာလမှာ တစ်ခါ မှ မရှိဘူးတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာမျိုး ခေါင်းထဲဝင်လာပါတယ်။ ဖက်ဒရယ်ဆိုတဲ့ အယူအဆတွေ လက်ခံလာတယ်။ မတူညီတဲ့ အခြေခံတွေကို လက်ခံစဉ်းစားမှုတွေ ရောက်လာတယ်ဆိုတာ တိုးတက်မှု ပါပဲ။

ကျွန်တော်တို့ နားလည်တာ NCA ကို နှစ်ဖက်ကတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မျိုးရအောင် ဆက်ဆွေးနွေးရမယ့် အပိုင်း တစ်ပိုင်းမရှိသေးတာက လောလောဆယ် ကြုံတွေ့နေရတဲ့ ပြဿနာရဲ့ အခြေခံအရင်း အမြစ်ဖြစ်ပါတယ်။ ဒီနိုင်ငံကို ဖက်ဒရယ်နဲ့ အခြေခံတည်ဆောက်သွားမယ်ဆိုတဲ့ ကတိကဝတ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို အခြေခံ ပြီးသွားရမယ်ဆိုတဲ့ ကတိကဝတ်မျိုး ရခဲ့ပါတယ်။ ဘယ်လိုနိုင်ငံရေး ဆွေးနွေးပွဲမျိုးလဲ ဆိုတာမျိုးကို ကျွန်တော်တို့ကြားမှာ ရှင်းရှင်းလင်းလင်းနဲ့ ဆွေးနွေးရမယ့်အပိုင်းတွေ လိုအပ်ပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်လို့ အဆင့်လေးဆင့်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီး ရှေ့ဆက်သွားဖို့ ရှိပါတယ်။ ဒီအခြေခံပေါ်မှာ မူတည်ပြီး ဆက်လက်ညှိနှိုင်းရင်းနဲ့ ကွာဟနေတဲ့ ကွာဟချက်တွေကို တတ်နိုင်သမျှ နည်းလာအောင် ကြိုးစားပြီး ဆက်လက် ဆွေးနွေးသွားနိုင်ဖို့ ရည်ရွယ်ထားတာ ရှိပါတယ်။

သတင်းအဖွဲ့___