NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပူးတွဲအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၅

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပူးတွဲအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ယနေ့အစည်းအဝေးသည် ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ ပထမအကြိမ် အစည်းအဝေးအပြီး တစ်လအကြာတွင် ပြန်လည်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေးတွင် အချက်အလက်အတော်များများကို မိမိတို့ ဆွေးနွေးသဘောတူညီမှု ရခဲ့ပါကြောင်း၊ ထို့ပြင် UPDJC အစည်းအဝေး ကိုလည်း ခေါ်ယူကျင်းပနိုင်ခဲ့သည့်အပြင် ယခုလ ၁၇ ရက်နေ့မှ စတင်ပြီး အလုပ်အဖွဲ့အစည်းအဝေးကို ၄ ရက်ကြာနှင့် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို တစ်ရက်ကြာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ အဆိုပါ အစည်းအဝေးများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအဝင် လုပ်ငန်းလမ်းညွှန် ၅ ခု ကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်နိုင်ခဲ့ပြီး ယမန်နေ့က ကျင်းပခဲ့သည့် UPDJC အစည်းအဝေး၌ အတော်များများကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ အချက်အလက် အချို့ကိုသာ ဆက်လက်ဆွေးနွေးရန် ကျန်ရှိပါကြောင်း။ 

ထို့အတူ အလုပ်အဖွဲ့မှ ရေးဆွဲခဲ့သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း SOP ကို ယမန်နေ့က UPDJC အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မှ အချက်အချို့ကို အတွင်းရေးမှူးအဖွဲ့၏ တင်ပြချက်အရ JICM တွင် ဆွေးနွေးနိုင်ရန်အတွက် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးသို့ လွှဲပြောင်းပေးရန် UPDJC က အတည်ပြုခဲ့ပါကြောင်း၊ NCA စာချုပ်ပါအတိုင်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ရက် ၆၀ အတွင်း ရေးဆွဲခဲ့ရသည့်အတွက် လက်တွေ့ အကောင်အထည်ဖော်သည့်နေရာတွင် အခက်အခဲအချို့ကို တွေ့ရှိခဲ့ရပါကြောင်း၊ ယခုအခါ အတည်ပြုရန် အချက်အချို့မှလွဲ၍ ကျန်သည့်အချက်များကို ပြင်ဆင်နိုင်ခဲ့သည့်အပြင် လုပ်ငန်းလမ်းညွှန်နှင့် SOP များ ရေးဆွဲနိုင်သည့်အတွက် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုချောမောအောင် အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုအစည်းအဝေးသည် NCA နှစ်နှစ်ပြည့်ပြီး နောက်ပိုင်း NCA အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည့် ဒုတိယ အကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေးတွင် မိမိတို့အနေဖြင့် စုစုပေါင်းအချက် ၂၁ ချက်အပေါ်မူတည်ပြီး ဆွေးနွေးခဲ့ကြပါကြောင်း၊ NCA သဘောတူစာချုပ် အပေါ်မူတည်၍ မိမိတို့တစ်ဖက်နှင့်တစ်ဖက် နားလည်မှုလွဲခြင်း၊ တည်ဆဲဥပဒေများအပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် သဘောပေါက် နားလည်မှုလွဲခြင်းတို့အပေါ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဓိကအားဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် NCA လက်မှတ်ရေးထိုးလိုက်သည့်နှင့် ထာဝရငြိမ်းချမ်းရေးကို ဦးတည်ပြီး လျောက်လှမ်းနေကြခြင်း ဖြစ်ပါကြောင်း။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ငြိမ်းချမ်းလိုသည့် စိတ်ဓာတ်ဖြင့် NCA ကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်ပါကြောင်း၊ NCA စာချုပ်ကို အကျေအလည် ညှိနှိုင်းဆွေးနွေးပြီး ခက်ခက်ခဲခဲနှင့် လက်မှတ်ရေးထိုး ရယူခဲ့ခြင်းဖြစ်ပါကြောင်း၊ NCA ရေးထိုးရာတွင် တစ်ဖက်နှင့်တစ်ဖက် စကားလုံးအသုံးအနှုန်း၊ စကားလုံးအယူအဆ အပေါ်မူတည်ပြီး အကောင်အထည်ဖော်သည့်နေရာတွင် တစ်ဖက်နှင့်တစ်ဖက် စိတ်ရှင်းရှင်းထားရန် လိုအပ်ပါကြောင်း၊ ယင်းအပေါ်မူတည်ပြီး ညှိနှိုင်းဆွေးနွေးရသည့်အတွက် မိမိတို့ ပွင့်ပွင့်လင်းလင်းနှင့် ပြောဆိုပြီး တစ်ဖက်၏လိုအင်ဆန္ဒနှင့် တစ်ဖက်၏လိုလားချက်ကို ဆွေးနွေးညှိနှိုင်းသွားရမည်ဖြစ်ပါကြောင်း၊ ယခုလို ညှိနှိုင်းဆွေးနွေးသည့်အခါတွင်လည်း ညှိနှိုင်းဆွေးနွေးခြင်းဆိုင်ရာ ဥပဒေသများအပေါ် မူတည်ပြီး မိမိတို့ ညှိနှိုင်းဆောင်ရွက်သွားရမည့် ဖြစ်ပါကြောင်း။

သို့ရာတွင် လက်ရှိအနေအထား၌ တစ်ချို့အချက်များသည် အချိန်ယူညှိနှိုင်းပြီး ဆောင်ရွက်ရမည့် ကိစ္စများရှိနိုင်သည့်အတွက် မိမိတို့ခြွင်းချက်အနေဖြင့် နားလည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထိုကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရာတွင် အဓိကအချက်မှာ ဆန္ဒမစောရန် လိုအပ်ပါကြောင်း၊ ဆန္ဒစော၍ အကောင်အထည်ဖော် လိုက်ပါက တစ်ဖက်နှင့်တစ်ဖက် သဘောထားမတိုက်ဆိုင်သည့် အချက်များရှိသည့်အတွက် ပိုမိုကြန့်ကြာသွားနိုင်ပါကြောင်း၊ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းရန် လိုအပ်ပါကြောင်း ပြောကြားသည်။

NCA - S - EAO မှ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့ ခေါင်းဆောင် ရဲဘော်သံခဲက NCA အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်အဖွဲ့အနေဖြင့် တာဝန်အများကြီးရှိသည်ဟု မိမိတို့ ယူဆပါကြောင်း၊ NCA အကောင်အထည်ဖော်ရာ၌ ပြန်လည် သုံးသပ်ရမည့် အပိုင်း ၃ ပိုင်းကို EAO ဘက်က အဆိုပြုခဲ့ပါကြောင်း၊ တစ်ခုမှာ အယူအဆရေးရာ (Concept) အပိုင်း၊ နောက် ၂ ခုမှာ သွားနေရသည့် (Process)အပိုင်းနှင့် လက်တွေ့အကောင် အထည်ဖော်မှု (Implementation) အပိုင်းတို့ကို တင်ပြခဲ့ပါကြောင်း၊ ထိုသို့ တင်ပြရာတွင်လည်း မိမိတို့အနေဖြင့် ဆွေးနွေးမှုပုံစံ မတူညီသည်ကို နှစ်ဖက်စလုံးမှ လက်ခံပြီး ကော်လံ ၂ ခုခွဲ၍ ယူဆောင်သွားခဲ့ပါကြောင်း၊ ထိုသို့ အလုပ်များ ခွဲခြားလုပ်ကိုင်နိုင်သည့်အတွက် ယနေ့ကျင်းပသည့် အစည်းအဝေးတွင် လျင်လျင်မြန်မြန် ဆွေးနွေးသွားနိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။

အယူအဆ ရေးရာအပိုင်းတွင် ဖြစ်ဖြစ်၊ Process အပိုင်းတွင်ဖြစ်ဖြစ်၊ Implementation အပိုင်းတွင် ဖြစ်ဖြစ် အရေးကြီးသည်မှာ မိမိတို့၏ဆုံမှတ်ကို ရှာနိုင်ရန်ဖြစ်သည်ဟု EAO ဘက်က ယူဆပြီး အတတ်နိုင်ဆုံး နှစ်ဖက်ဆုံနိုင်သည့် ဆုံမှတ်နှင့် အားလုံးလိုက်ပြီး အလုပ်လုပ်နိုင်သည့် ဆုံမှတ်ကို ယနေ့ တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ နားလည်ထားသည်မှာ အချို့အလုပ်များသည် အချိန်တို အတွင်း လုပ်ရမည့်အလုပ်များရှိ သကဲ့သို့ အချို့အလုပ်များသည် အချိန်ယူပြီး နှစ်ဖက်ပုံစံရှာ ဖြေရှင်းရမည့် ကိစ္စရပ်များရှိသည်ဟု ယူဆပါကြောင်း။

ယနေ့အစည်းအဝေးတွင် EAO လက်မှတ်ထိုးထားသည့် အဖွဲ့များ၊ အစိုးရနှင့် တပ်မတော်ဘက်မှ တာဝန်ရှိသူများ အပါအဝင် ကျန်ရှိနေသေးသည့် NCA လက်မှတ် မထိုးထားသော အဖွဲ့အစည်း များအတွက်ပါ မိမိတို့အားလုံးက ဆုံမှတ်တစ်ခု ရှာဖွေနိုင်မည်အပြင် မကြာခင်ကျင်းပမည့် JICM အစည်းအဝေးအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်၍ တိုင်းပြည်အတွက် အကျိုးရှိသည့် အလုပ်ရုံ ဆွေးနွေးပွဲဖြစ်မည်ဟု မြင်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးကျင်းပမည့် အစီအစဉ်များကို အတည်ပြုခြင်းနှင့် NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာများ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

ယင်းနောက် NCA - S - EAO မှ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်အဖွဲ့ခေါင်းဆောင် ရဲဘော်သံခဲ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ဆွေးနွေးပွဲရလဒ်များအပေါ် သုံးသပ်ပြောကြားကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပူးတွဲအစည်းအဝေးသို့ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ဘက်မှ ကိုယ်စားလှယ် ၉ ဦး၊ NCA - S - EAO ဘက်မှ ကိုယ်စားလှယ် ၁၂ ဦးတို့ တက်ရောက်ကြသည်။ 

(သတင်းစဉ်)