နှစ်(၇ဝ)ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား ၁၃ ဇန်နဝါရီ

 

ဇန်နဝါရီ ၁ဝ ရက်တွင် ကျရောက်သည့် နှစ် (၇ဝ) ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတက နှစ်(၇ဝ) ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဖတ်ကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ မျိုးနွယ်စုအလိုက် တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး အသင်းအဖွဲ့ဝင်များ၊ NGO ၊ INGO များ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်း ကျောင်းများမှ သင်တန်းသား သင်တန်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ကချင်ရိုးရာယဉ်ကျေးမှု အကအဖွဲ့တို့က ကချင်ရိုးရာ ထောင်ကာအကနှင့် မနောအကတို့ကို တပျော်တပါး စုပေါင်း၍ ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။

 

အလားတူပင် ပြည်သူ့အားကစားကွင်း အတွင်း၌ နှစ် (၇ဝ)ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ၊ မီတာ ၁ဝဝ၊ ၂ဝဝ၊ ၄ဝဝ အပြေးပြိုင်ပွဲများ၊ အလျားခုန်နှင့် ဝိုင်းခြင်းခတ်ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအဖြစ် မုန့်အဝစားပြိုင်ပွဲ၊ လွန်ဆွဲ၊ ဂုန်နီအိတ်စွပ်ပြေး၊ ပူပေါင်းဖောက်၊ သံပုံးရိုက်၊ ဖားခုန်၊ သံပရာသီးဇွန်းကိုက်၊ ချောတိုင်တက်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြ သည်။

 

ညပိုင်းတွင် နှစ် (၇ဝ) ပြည့် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲကို မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)