နှစ် (၇၀) ပြည့်မှသည် နှစ်ထောင်ပေါင်းများစွာတိုင်

လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀ ကျော်ကာလ မြန်မာနိုင်ငံတွင် ပျူခေတ်ဖြစ်၍ ပျူယဉ်ကျေးမှုထွန်းကားနေပြီး တရုတ်နိုင်ငံ တွင်မူ- ထန်မင်းဆက်အုပ်စိုးနေသည်။ ပျူနိုင်ငံသည် ယဉ်ကျေးမှုမြင့်မားသော နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ဆက်သွယ်ရာ လမ်းကြောင်းပေါ်၌တည်ရှိရာ ထန်မြို့တော် ချန်အန်းမှ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်ကာ အာသံနယ်မှတစ်ဆင့် မဇ္ဈိမသို့ ရောက်ကြရသည်။ ထန်ခေတ်မြို့တော် ချန်အန်းသည် မျက်မှောက်ခေတ် ရှန်းဆီပြည်နယ် မြို့တော် ရှီအန်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ရှိသည်။ မြို့၏သက်တမ်းမှာ နှစ်ပေါင်း ၆ဝဝဝ မျှ ရှည်ကြာနေပြီဖြစ်ပြီး တရုတ်မင်းဆက် ၁၃ ဆက်တို့၏ မြို့တော်အဖြစ် နှစ်ပေါင်း ၁၂၀၀ ခန့်အထိ သမိုင်းကြောင်း ရှိသည်။ ရှေးခေတ် ပိုးလမ်းမကြီး စတင်သည့် အရှေ့ဘက်မှ မြို့ဖြစ်ပြီး တရုတ်နှင့် နိုင်ငံရပ်ခြား တိုင်းပြည်များအကြား ကူးသန်းရောင်းဝယ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုတို့ ကူးသန်းဖလှယ်ရာ အချက်အချာမြို့လည်း ဖြစ်သည်။

ထန်မင်းဆက်ခေတ် မြို့တော်ချန်အန်းသို့ ခရစ်နှစ် ၉၀၁-၉၀၂ တွင် ပျူမဟာရာဇာနှင့် ၎င်း၏ညီတော်တို့ ဦးဆောင်သော ချစ်ကြည်ရေး သံတမန်အဖွဲ့နှင့်အတူ ယဉ်ကျေးမှုဂီတအနုပညာ အဖွဲ့တစ်ဖွဲ့လည်း လိုက်ပါသွားခဲ့သည်။ ပျူယဉ်ကျေးမှု အဖွဲ့၏ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တူရိယာပစ္စည်း ၂၂ ခုတို့ဖြင့် ငြိမ့်ညောင်းသာယာစွာ သီဆိုတီးမှုတ်ဖျော်ဖြေပုံ၊ ရွှေ ငွေကျောက်မျက်ရတနာများ စီခြယ်ထားသည့် ဝတ်စားတန်ဆာများ လှပစွာဝတ်ဆင်ကာ ယဉ်ကျေးသိမ်မွေ့စွာ ကပြဖျော်ဖြေကြပုံတို့ကို တရုတ်ရှေးဟောင်း မှတ်တမ်းများတွင် အသေးစိတ် ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ ရေ၊ မြေ၊ တော၊ တောင်များ ဆက်စပ်နေကာ ရှည်လျားသည့် နယ်နိမိတ်မျဉ်းက ထိစပ်နေသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံ အုပ်ချုပ်သူများရော၊ ပြည်သူများပါ အပြန်အလှန်ကူးလူးဆက်ဆံမှု နှစ်ပေါင်းထောင်ချီသည့် သက်တမ်းရှိသည့်အပြင် နှစ်ဖက်ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ခဲ့ကြသည်မှာလည်း နှစ်ပေါင်းထောင်ချီ၍ ရှိခဲ့ပြီဖြစ်သည်ကို ပျူခေတ် သံတမန်နှင့် ယဉ်ကျေးမှုအဖွဲ့ သွားရောက်ခဲ့သည့် မှတ်တမ်းများက သက်သေပြနေခြင်းပင် ဖြစ်သည်။ ခေတ်သစ်တရုတ်ပြည်ကြီးကို ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပြီးသည့် နောက်နိုင်ငံရေးစနစ် မတူညီသည့် နိုင်ငံများထဲမှ မြန်မာနိုင်ငံက ပထမဆုံး အသိအမှတ်ပြုခဲ့ပြီး ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ရာ ယနေ့တွင် နှစ် ၇၀ တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။

နှစ်ပေါင်း ၇၀ ကြား သံတမန်ဆက်ဆံရေးနှစ်များ အစောပိုင်းကာလမှာပင် နိုင်ငံတကာဆက်ဆံရေးတွင် စံနမူနာ ယူစရာတစ်ခုဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို ပူးတွဲကြေညာနိုင်ခဲ့ပြီး နှစ်နိုင်ငံရေးရာ ကိစ္စများ ပေါ်ပေါက်လာသည့်အခါများတွင် ယင်းအခြေခံမူကြီး (၅)ရပ်ပေါ်တွင်ရပ်တည်၍ ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။ နိုင်ငံခေါင်းဆောင် အဆက်ဆက် နှစ်နိုင်ငံ အစိုးရများနှင့် ပြည်သူများအကြား ဆက်ဆံရေးမှာ အဆက်မပြတ် တိုးတက်ခဲ့သလို ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု၊ တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများတွင် တစ်နိုင်ငံက အပြန်အလှန် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်သည့် ယခုနှစ် နှစ်ဦးပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်သည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားသည် နှစ်ဖက်ခေါင်းဆောင် ကြီးများအတူတကွ ကျင်းပမှုဖြင့် ထူးခြားလေးနက်သည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး သည်လည်း အနာဂတ်ကာလသို့ နှစ်ထောင်ပေါင်းများစွာ ဆက်လက်တည်တံ့ခိုင်မြဲစေရန် အားသစ်လောင်းခဲ့ခြင်း ဖြစ်ပါကြောင်း။   ။

မြန်မာ့အလင်း