နေပြည်တော် မတ် ၄

 

Naypyitaw State Academy အင်္ဂလိပ်စာ အထူးပြုဘာသာရပ် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၇ ဦးသည်အုပ်ချုပ်သူ ဆရာ ဆရာမ ၂၃ ဦး လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက်လေ့လာကြသည်။

 

ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Auditorium ခန်းမတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “အားလုံးချစ်သည် MRTV” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်း စွမ်းဆောင်နေသည့် နိုင်ငံတော်မီဒီယာ Video Clip ကို ပြသသည်။

 

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး(စီမံ)က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝန်ထမ်းများက “ရှင်သန်နေမည် MRTV” တေးသီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။

 

ထို့နောက် Naypyitaw State Academy အင်္ဂလိပ်စာအထူးပြုဘာသာရပ် ပထမနှစ်မှ မဟာတန်းအထိ တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူများသည် အဖွဲ့(၂)ဖွဲ့ခွဲ၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားပင်မအဆောက်အအုံရှိ Audio Mastering Studio ၊ News Channel Studio နှင့် Radio Recording Studio တွင် အသံသွင်းမှုအား လေ့လာကြသည်။

 

ဆက်လက်၍ လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ AI နှင့် Virtual Studio၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်းပြခန်း ၄၀ တွင် ခင်းကျင်းပြသထားရှိမှုများအပေါ် သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ရှင်းလင်းပြီး ကျောင်းသား ကျောင်းသူများက ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာဉာဏ်စမ်းပဟေဠိ ဖြေကြားမှုကို စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

သတင်းစဉ်