နွားနို့မှ လူကိုကူးစက်သော ရောဂါများ ကင်းဝေးရေး ဝိုင်းဝန်းဆောင်ရွက်ပေး


၂၆ ဧပြီ

 

နွားနို့သည် လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေး ကြိုက်နှစ်သက်စွာသောက်သုံးကြသည့် အာဟာရပြည့်ဝသော စားသောက်ကုန် တစ်မျိုးဖြစ်သည်။ နွားနို့ကို ပေါင်းတင်ပြီး နို့၊ ဒိန်ချဉ်၊ နို့မလိုင်၊ ထောပတ်၊ နို့ဆီ၊ နို့မှုန့်၊ ကေစင် (Casein)တို့ကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်စားသုံးလျက်ရှိသည်။ ထို့အပြင် နွားနို့သည် ကလေး၊ လူကြီး၊ လူမမာ၊ အားကစားသမားများအတွက် အားဖြည့်အစားအစာအဖြစ် အရိုးအဆစ်များ ဖွံ့ ဖြိုးကြံ့ခိုင်ရေး၊ ခန္ဓာကိုယ်ကျန်းမာ၍ ကိုယ်ခံအားကောင်းမွန်ရေး၊ ဉာဏ်ရည်မြင့်မားရေး၊ လှုပ်ရှားမှုသွက်လက်ရေး အထောက်အကူပြုသည်။

 

ကျန်းမာရေးနှင့်ညီညွတ်သည့် နို့ရရှိရန် အရေးကြီး

 

ယနေ့ ပြည်သူအများစုသည် နွားနို့နှင့် နို့မှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို အသုံးပြုကြပြီ ဖြစ်သည်။ သို့သော် ကျန်းမာရေးနှင့် ညီညွတ်သော နို့ရရှိရန် အရေးကြီးသည်။ သောက်သုံးသူများသည် နို့ဆီဖျော်လက်ဖက်ရည်ကို သောက်သုံးလေ့ရှိကြသော မိမိတို့မြန်မာအများစုအနေဖြင့်လည်း သန့်ရှင်းလတ်ဆတ်သော နွားနို့ကို နို့ထုတ်လုပ်သူများမှ အထူးဂရုပြုရန် လိုအပ်သည်။ နွားနို့တစ်လီတာ ထွက်ရှိရန် သွေး ၅၀ဝလီတာခန့် နို့အုံသို့ ရောက်ရှိရန် လိုအပ်ပါသည်။ ရောက်ရှိသည့်သွေးအတွင်းရှိ ရေ၊ ဂလူးကို့စ်၊ အဆီဓာတ်နှင့် အသားဓာတ်များကို နို့အုံရှိဆဲလ်များက နို့အဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။

 

နို့ညှစ်သူအသုံးပြုသော ပစ္စည်းများ သန့်ရှင်းရန်လို

 

သို့အတွက် နွားမှ ညှစ်ယူသော နွားနို့ထဲသို့ နို့ညှစ်သူ အသုံးပြုသောပစ္စည်းများ မသန့်ရှင်းလျှင်သော်လည်းကောင်း၊နွားမကြီးတွင် ရောဂါရှိလျှင်သော်လည်းကောင်း နွားနို့နှင့် နို့ထွက် ပစ္စည်းမှတစ်ဆင့် လူများသို့ ဖော်ပြပါရောဂါများ ကူးစက်နိုင်ပါသည်။ ယင်းတို့မှာ ကျွဲ၊ နွားတီဘီ၊ ဘရူဆယ်လာ သားလျှောရောဂါ၊ ခွာနာလျှာနာရောဂါ၊ ထောင့်သန်းရောဂါ၊ ခွေးရူးရောဂါနှင့် နို့အုံရောင်ရောဂါတို့ ဖြစ်သည်။

 

တီဘီရောဂါရှိသည့် နွားနှင့်အမြဲမပြတ် ထိတွေ့ ခြင်း၊ ရောဂါရှိသော နွားမကြီး၏ နို့ကို သောက်သုံးခြင်းဖြင့် ကူးစက်နိုင်သည်။ နို့ကို မိနစ် ၂၀ ခန့် အပူပေးခြင်းဖြင့် သေစေနိုင်ပါသည်။ ဘရူဆယ်လာ သားလျှောရောဂါသည် ကျွဲ၊ နွားတွင် ဖြစ်ပွားသည်။ သားလျှောရောဂါပိုးသည် လူသို့ ကူးစက်ပြန့်ပွား နိုင်ပါသည်။နွားနို့ကို ၁၅ မိနစ်အပူပေးပါက ရောဂါပိုးသေစေ နိုင်ပါသည်။

 

ဗိုင်းရပ်စ်ပိုးပါသည့် နွားနို့မသောက်သင့်

 

ခွာနာလျှာနာ ဗိုင်းရပ်စ်ပိုးပါရှိသည့်နို့ကို သောက်သုံးမိခြင်းဖြင့် လူတွင်ရောဂါဖြစ်နိုင်သည်။ နွားမ၏ နို့အုံအကျိတ်အတွင်းသို့ ရောဂါပိုးဝင်ရောက်ပြီး နို့အုံအနာဖုအရည်ကြည်မှ ရောဂါပိုးသည် နို့ထဲမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ခွာနာလျှာနာဗိုင်းရပ်စ်ပိုးကို မိနစ် ၂၀ ခန့် အပူပေးခြင်းဖြင့် သေစေနိုင်ပါသည်။ 

 

ထောင့်သန်းရောဂါဖြစ်နေသော နွားမနို့ကို သောက်သုံးမိခြင်းဖြင့် လည်းကောင်း၊ အမဲသားတွင်ပါရှိသော ထောင့်သန်းရောဂါပိုးသည် လူ၏ အသားအကွဲ ဒဏ်ရာအနာများအတွင်း ဝင်ရောက်ပြီး ရောဂါကူးစက် နိုင်ပါသည်။ လူများတွင် အသားမာပေါက်၍ အသက်အ္တရာယ် ထိခိုက်နိုင်ပါသည်။

 

ခွေးရူးရောဂါပိုးသည် ခွေးရူးရောဂါဖြစ်သည့် နွားမနို့အုံထဲတွင် ပါရှိပါသည်။ ယင်းနို့ရည်ကို ကိုင်တွယ်ရာမှ ခန္ဓာကိုယ်အကွဲအရှ ဒဏ်ရာများမှလည်းကောင်း၊ နွားနို့စိမ်းကို သောက်သုံးမိရာမှလည်းကောင်း ရောဂါပိုးရောက်နိုင်ပါသည်။

 

နို့အုံရောင်သည့် နွားနို့ကို သောက်သုံးရန် မသင့်

 

နို့အုံရောင်ရောဂါဖြစ်စေတတ်သည့် ပိုးအများစုမှာ လူကိုမကူးစက်နိုင်သော်လည်း နို့အုံရောဂါဖြစ်သော Streptococcus ပိုးမွှားရောဂါရှိသော နွားမနို့ကို သောက်သုံးမိရာမှတစ်ဆင့် လူသို့ ကူးစက်နိုင်ပြီး လူတွင်အာသီးရောင်ခြင်း၊ လည်ပင်းနာခြင်း၊ အင်ပြင်အနီရောင်ထွက်ခြင်း၊ ဖျားခြင်းများဖြစ်နိုင်ပါသည်။ နို့အုံရောင်သည့်နွားမနို့ကို သောက်သုံးရန်မသင့်ပါ။ ထို့အပြင်နို့ညှစ်သူ လူသားများမှတစ်ဆင့်၊ တီဘီ ရောဂါရှိသော လုပ်သားများမှ တစ်ဆင့်ကူးစက်နိုင်ပါသည်။ဝမ်းလျှောရောဂါရှိသူဖြစ်ပြီး မသန့်ရှင်းသောလက်များနှင့်နို့ညှစ်ခြင်းဖြင့် နို့ထဲတွင် ရောဂါပိုးပါလာပြီး နို့သောက်သူများ ကူးစက်ရောဂါများ ရရှိနိုင်ပါသည်။

 

ထို့ကြောင့်နို့ကို ကျိုချက်ပြီးမှ သောက်သုံးသင့်ပါသည်။ နွားနို့တွင် အဆီဓာတ်၊ ပရိုတင်း(အသားဓာတ်)၊ သကြား ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်များ၊ အင်ဇိုင်းများ၊ အက်စစ်များ (ဆစ်ထရစ်အက်စစ်)၊ နိုက်ထရိုဂျင်ဓာတ်ပေါင်းများ ပါဝင်ပါသည်။

 

ထို့အပြင် သန့်ရှင်းသော နွားနို့မှ ဗက်တီးရီးယားပိုး ပါဝင်မှုရှိပြီး နွားနို့(၁)စီစီတွင် ဗက်တီးရီးယားပိုးကောင်ရေ၄၀ဝ၀ ကျော်ခန့်ပါဝင်ကာ မသန့်ရှင်းသော နွားနို့တွင် ဗက်တီးရီးယား ပိုးကောင်ရေတစ်သိန်းကျော်အထိ ပါဝင်နိုင်ပါသည်။ သို့ဖြစ်၍ ကျိုချက်သောက်ရန် အထူးအရေးကြီးပါသည်။

 

နွားနို့သည် မြန်မာဆေးကျမ်းကြီးအလိုအရ အဆီဩဇာရှိ၍ ချိုဆိမ့်၏။ လေသည်းခြေကိုနိုင်၏။ သလိပ်နှင့် သုက်ကိုပွားစေ၏။ ခွန်အားနှင့်ကာမကိုအားပေး၏။ အသက်ရှည်စေ၏။ ပညာ၊ အရွယ်၊ အဆင်းကိုတည်မြဲစေ၏။ အရိုးကျိုးလျှင် ဆက်စေနိုင်၏။ အဖျားအို၊ အဖျားဟောင်း၊ သွေးအားနည်းရောဂါ၊ သွေးတိုး၊ ရင်ကျပ်နာ၊ လေမတက်ဘဲလေထသည့်ရောဂါ၊ သွေးအန်သွေးလျှံနာ၊ အပူရောဂါ၊ မောပန်းအားနည်းသောရောဂါ၊ ကိုယ်ဝန်လျှောစေသောရောဂါ၊ ပိန်ကြုံရောဂါတိုးတို့အတွက် အထူးသင့်တော်သည်။ ဓာတ်သဘောအရ သီဟတေဇော၊ သီဟပထဝီဓာတ်စာဖြစ်သည်။

 

သန့်ရှင်းသော နွားနို့ရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်

 

ဗြိတိသျှဆေးကျမ်းကြီးအဆိုမှာ နို့ချိုသည်လူသား၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနှင့် အသက်ရှည်မှုအတွက်လိုအပ်သော အာဟာရဓာတ် အားလုံးကိုပေးစွမ်းနိုင်၏။ ထို့အပြင်အရိုးပျော့ရောဂါ၊သွေးစိမ့်သောရောဂါနှင့် အခြားရောဂါအများအပြားကိုလည်းကာကွယ်ပေးနိုင်သည်။

 

ထို့ကြောင့် နွားနို့၊ နို့ထွက်ပစ္စည်းများ သုံးစွဲသူများအသက်အန္တရာယ်ကင်းစင်ဖို့၊ ကူးစက်ရောဂါကင်းဝေးစေဖို့ နွားမွေးမြူသူတို့အနေဖြင့် သန့်ရှင်းသောနွားနို့ရရှိအောင် ဆောင်ရွက်ပေးရန်အကြံပြုပါသည်။

ထွန်းလှိုင်(မြိုင်)