မန္တလေး ၃၁ ဇန်နဝါရီ
နာမည်ကြီး ဒီဇိုင်နာများ ပါဝင်ပြသမည့် ဒီဇိုင်းသစ်များအား ပြသမည့် Designer’s Collection & Jewellerys show ကို မတ်လ ၃ ရက်တွင် မန္တလေးမြို့ မင်္ဂလာ မန္တလေးတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နာမည်ကြီး ဒီဇိုင်နာများဖြစ်သည့် မျိုးမင်းစိုး ၊ တင့်စိုးလွင် ၊ စည်သူဝင်း ၊ ဇစ်ပီ ၊ အာကာ ၊ ဆုမြတ်သိင်္ဂီ၊ ပြည့်ဖြိုးမင်း ၊ Jone Jone ၊ ပိုင်ပိုင် စသည့် ဒီဇိုင်နာများ၏ ဝတ်စုံဒီဇိုင်းများကို ပြသမှာဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုး ဖက်ရှင်ပွဲကြီးကို မြန်မာနိုင်ငံ အနေနဲ့ မန္တလေးမြို့မှာ ကျင်းပတာ နည်းနေသေးတယ်။ International Standard ရှိတဲ့ ဖက်ရှင်တွေကို မန္တလေးက ပရိသတ် ရင်ထဲရောက်အောင် ပြသချင်တဲ့အတွက်လည်း ကျင်းပရခြင်းဖြစ်ပါတယ် ” ဟု ပွဲစီစဉ်သူ ကိုသက်ဇော်ဦးက ပြောသည်။
Designer’s Collection & Jewellerys show တွင် နာမည်ကြီး မော်ဒယ်လ်တွေဖြစ်တဲ့ သန္တာဗိုလ် ၊ ဟန်လေး ၊ လရိပ်ပြာတို့အပါအဝင် မော်ဒယ်လ် ၁၈ ဦးက ဒီဇိုင်နာများရဲ့ဝတ်စုံများကို ဝတ်ဆင်ပြသမှာဖြစ်သည်။
“ဒီပွဲမှာ ယခင်ပွဲတွေက မပြဖူးတဲ့ ဒီဇိုင်းလေးတွေပြပါမယ်။ တစ်ခုပြောချင်တာက ကျွန်တော် ဖန်တီးလိုက်တဲ့ ဖက်ရှင်သည် လူဝတ်လို့ရတဲ့ ဖက်ရှင်ပဲဖြစ်တယ်။ အရမ်းဆန်းဆန်း ပြားပြားကြီးတွေ လုပ်မထားဘူး။ မန္တလေးက ဒီဇိုင်နာ ဖြစ်တဲ့အတွက် မန္တလေးဂုဏ်ကို ဆောင်ပါမယ်။ မန္တလေး အငွေ့အသက်တွေ အများကြီး ထည့်ထားပြီး နိုင်ငံတကာ ရင်ပေါင်တန်းမယ့် ဖက်ရှင်ကို ဖန်တီးမှာဖြစ်ပါတယ်” ဟု ဒီဇိုင်နာမျိုးမင်းစိုးက ပြောသည်။
အိမို့မို့ခိုင်