နာမည်ကြီး ဘရာဇီး သရေကျပြီး စကော့တလန်၊ ဩစတြေးလျတို့ နိုင်ပွဲရ
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ နာမည်ကြီး ဘရာဇီးနှင့် မိုရိုကိုအသင်း ပွဲစဉ်ကို ဇွန် ၁၄ ရက် နံနက် ၄ နာရီခွဲက နယူးယောက်နယူးဂျာစီ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံး ခဲ့သည်။
ကမ္ဘာ့ဖလားကို စံချိန်တင် ငါးကြိမ်အထိ ဆွတ်ခူးထားတဲ့ နာမည်ကြီး ဘရာဇီးနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်း ပြီး အာဖရိကဂုဏ်ဆောင်ခဲ့တဲ့ မိုရိုကိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သောကြောင့် နောက်ဆုံးမိနစ်အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။
နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ကာတာနှင့် ဆွစ်ဇာလန် အသင်းပွဲစဉ်တွင်လည်း တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဆွစ်ဇာလန်အသင်းသည် အမ်ဘိုလို၏ ပယ်နယ်တီ သွင်းဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း ပွဲချိန်ပြည့်ခါနီးတွင် အသင်းခံစစ်ကစားသမား မူဟိုင်း ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
နံနက် ၇ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဟေတီနှင့် စကော့တလန်အသင်းပွဲစဉ်တွင် စကော့တလန် အသင်းက ပွဲချိန် ၂၉ မိနစ်တွင် ရရှိခဲ့သော မက်ဂင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဟေတီအသင်းသည် ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ပြိုင်ဘက်အသင်းခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အတွက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
နံနက် ၁၀ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဩစတြေးလျနှင့် တူကီယဲအသင်းပွဲစဉ်တွင် ဩစတြေးလျ အသင်းက တိုက်စစ်ခြေစွမ်းပြပြီး နှစ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့သည်။ ဩစတြေးလျအသင်းဂိုးသမား ပက်ထရစ် ဘီးချ်သည် တူကီယဲအသင်း၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများကို လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
မိုးဇက်


