နာဂတောင်တန်းပေါ်မှ နာဂတိုင်းရင်းသားလူမျိုးများ

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

 

နာဂလူမျိုးသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်၊ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံရှိ နာဂတောင်တန်းတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ နာဂလူမျိုးသည် တစ်မျိုးတည်းဖြစ်သော်လည်း အမျိုးစုပေါင်းများစွာ ကွဲပြားလျက်ရှိပေသည်။ ၎င်းတို့နေထိုင်ရာဒေသ၏ ပထဝီဝင်အနေအထားကိုလိုက်၍ စကားနှင့် ဓလေ့ထုံးစံများမှာ အနည်းငယ်စီ ကွဲပြားလျက်ရှိပေသည်။

 

ထင်ရှားသော နာဂအမျိုးစုများမှာ မြန်မာနိုင်ငံဘက်ရှိ နာဂတောင်တန်းတွင် နေထိုင်ကြသော နောက်ကော်နာဂ၊ ထန်ဂန်နာဂ၊ ဟေမြဲနာဂ၊ ရန်ပန်နာဂ၊ တန်ခူးနာဂ၊ ပါရာနာဂ၊ ခေါင်ဆိုင်နာဂ၊ ရာရာနာဂ၊ ရာစာနာဂနှင့် မက်ဝဲယားနာဂများ ဖြစ်ကြသည်။ အာသံနယ်ဘက်ရှိ နာဂတောင်တန်းတွင်မူ အန်ဂါမီနာဂ၊ ကွန်ယက်နာဂ၊ အေအိုနာဂ၊ ကာလယိုကန်ဂျူနာဂ၊ လိုတာနာဂ၊ ဆန်တန်နာဂ၊ ဆီမာနာဂ စသည်တို့မှာ ထင်ရှားသည်။ နောက်ကော်နှင့် ထန်ဂန်နာဂတို့သည် နမ်းချာရင်ချောင်းနှင့် ချင်းတွင်းမြစ်ပေါ်ရှိ ဟိန်ဆမ်နှင့် ကောင်းဟိန်ရွာများအနီး တောင်ခြေတစ်ဝိုက်တွင်နေထိုင်၍ အေးချမ်းဖော်ရွေသော စိတ်ထားရှိကြသည်။ နန်းဖွတ်ခါချောင်းအနီးတွင် ဟေမြဲနာဂ၊ ရန်ပန်နာဂ၊ ရာရာနှင့် ရာစာနာဂများ ရွာတည်၍ နေထိုင်ကြပေသည်။ ရန်ပန်နာဂတို့သည် နာဂတောင်တန်း၏ အရှေ့မြောက်အစွန်းဆုံး၌လည်း တွေ့ရသည်။ ၎င်းတို့သည် ဝမ်းဗိုက်တွင် ကြိမ်ခွေများ စွပ်ထားလေ့ရှိသည်။

 

တန်ခူးနာဂ၊ ပါရာနာဂနှင့် ခေါင်ဆိုင်နာဂတို့မှာ ဆုမ္မရာနယ်တွင် နေထိုင်ကြသည်။ တန်ခူးနာဂများမှာ ထိုဒေသတွင် လူဦးရေ အများဆုံးဖြစ်ပြီး ရွာ ၁၈ ရွာမျှပင် ရှိသည်။ လီဆိုင်အနီးတွင် ပါရာနာဂရွာ သုံးရွာခန့် ရှိသည်။ လီဆိုင်နှင့် ၁ဝ မိုင်အကွာ၌ ယီဒုန်၊ ဒင်ဝရင်းနှင့် ချီရာနာဂရွာများရှိသည်။ ဟူးကောင်းတောင်ကြားဒေသနှင့် စန်ပန်ဗွမ်တောင် အရှေ့ဘက်တောင်စောင်းများ၌လည်း နာဂလူမျိုးတချို့ကို တွေ့ရသည်။ စာရာမေထိ တောင်တစ်ဝိုက်တွင် မက်ဝဲယားရွာ တစ်ရွာ၊ ထန်ရွာ နှစ်ရွာ၊ ထန်မုန်ရွာ တစ်ရွာတို့မှာ အကြီးဆုံးပင်ဖြစ်သည်။ နာဂတောင်တန်း အလယ်ခန့် အာသံနယ်နှင့်နီးကပ်သော အပိုင်းတွင် ပုန်ညိုနာဂ၊ ဇော်လောနာဂ၊ ဇက်ပလော်နာဂနှင့် ဝီလမ်နာဂများ နေထိုင်ကြသည်။

 

 

အာသံနယ်ရှိ တောင်ကုန်းများတွင် အန်ဂါမီနာဂများ ရွာဖွဲ့၍နေကြပေသည်။ ရွာတည်ပုံမှာ တောင်ကုန်းပေါ်၌ အဆင့်ဆင့် တစ်အိမ်နှင့်တစ်အိမ် တစ်ပြေးညီတည်းမရှိဘဲ မြင့်မြင့်တည်ရှိကြသည်။ ရွာကိုပတ်လိုလျှင် လှေကားထစ်တက်ရသကဲ့သို့ အဆင့်ဆင့် တက်သွားရသည်။ အိမ်များပေါ်တွင် ကျွဲ၊ နွား တိရစ္ဆာန်ပုံများ၊ ယောကျာ်း၊ မိန်းမတို့၏ပုံများကို ပန်းပုထွင်းထားသည်ကိုလည်း တွေ့နိုင်သည်။ သစ်သားအော်လန်များ တပ်ထားသော အိမ်ဆိုလျှင် အလှူပွဲကြီးများ ပေးခဲ့ကြောင်းကို သိရှိနိုင်သည်။ ရပ်ရွာလူကြီးများသည် အစိုးရ အမှုထမ်းဝတ်သော ဝတ်ရုံနီများ ခြုံထားကြသည်။ ကိုယ်ပေါ်တွင် ရိုးရာအလိုက် ခါးတွင် ကြိမ်ခွေနှင့် အနက်ရောင်ပိတ်စငယ်တစ်ခုကို အရှက်လုံရုံမျှ ဝတ်ဆင်ထားခြင်းရှိသည်။ မိန်းမများမှာ အပြာရောင်အင်္ကျီ ဝတ်သည်။ မွန်ဂိုလူမျိုးနှင့်ဆင်ဆင်တူ၍ မျက်နှာဝိုင်းသည်။ မိန်းကလေးများသည် အပျိုဆိုလျှင် ဆံပင်အရှည်မထား ကတုံးနီးပါးခန့် ရိတ်ထားသည်။ အိမ်ထောင်ပြုမှသာလျှင် ဆံပင်အရှည်ခံရသည်။ ယောကျာ်းများသည် ခြေထောက်နှင့် ခါးတွင် ကြိမ်ကွင်းများ ဆင်ယင်သည်။ နားပေါက်၌ ခြည်မျှင်စများ သွင်းထားသည်။ ပုတီးကုံးများ၊ ခရုခွံများကို ကျား၊ မ တပ်မက်စွဲလမ်းစွာ ဆင်ယင်ကြသည်။ ခိုနိုမာနာဂများသည် အန်ဂါမီနာဂများအတွက် အဝတ်အစား၊ အသုံးအဆောင်၊ လက်ဝတ်ရတနာများလုပ်၍ ရောင်းချကြသည်။

 

ကွန်ယက်နာဂလူမျိုးများမှာ ရွာအများအပြားပင်တည်၍ နေထိုင်ကြရာ ဝက်ချင်းရွာရှိ ကွန်ယက်နာဂများမှာ အင်အားအကြီးဆုံးဖြစ်သည်။ အရပ်အမောင်း၊ ကာယဗလ အချိုးကျ ပြေပြစ်သည်။ ဆံပင်ကို အတိုထားသည်။ နားပေါက်၌ ပန်းပွင့်များ ပန်လေ့ရှိသည်။ ဝါချည်ဖြင့် အဝတ်ရက်၍ နံငယ်ပိုင်းမျှသာ ဝတ်ဆင်ကြသည်။ ဖျာရက်၍ မြေပြန့်နှင့် ကုန်ကူးသန်းရောင်းဝယ်သည်။ ခါးတွင် ကြိမ်ခွေမျှသာ ပတ်ထားသည်။ ရှီအွန်ရွာရှိ ကွန်ယက်များသည် ဝက်ချင်းရွာမှ ကွန်ယက်များနှင့် စကားမတူပေ။ ယောကျာ်းများသည် မျက်နှာတွင် ပါးရဲထိုးသည်။ ဆံရှည်ခြင်းကို ဂုဏ်ယူသည်။ ဆံပင်ကို နောက်တွဲထုံးလေ့ ရှိသည်။ မိန်းမများမှာ လက်တစ်ဝါးခန့် အဝတ်စငယ်ကိုသာ ဝတ်ဆင်ကြသည်။ အိုတင်ရွာမှ ကွန်ယက်များမှာ ၁၅ နှစ်၊ ၁၆ နှစ်အရွယ်အထိ မည်သည့်အဝတ်မျှ မဝတ်ကြပေ။ ထိုအရွယ်မှကျော်လွန်မှသာ လက်တစ်ဝါး ခန့်သာ ဝတ်ပြီး အရွယ်ရောက်ကြောင်းကို ဖော်ပြသည်။ မိန်းကလေးများကို မိဘများက လက်မထပ်စေလိုသေးကြောင်းကို ခဲနားဆွဲကာ ဝတ်ဆင်ထားက သိသာနိုင်သည်။ လက်ထပ်ရန် သဘောတူပါက ကြေးနားဆွဲ ဆင်ပေးကြသည်။ အိမ်ထောင်ပြုရာတွင် မျိုးနွယ်စုတူချင်း လက်မထပ်ရပေ။

 

နာဂတောင်တန်းရှိ ဟဲလီဖုန်တောင်၌ ဆီမာနာဂ၊ ဆန်တန်နာဂ၊ ရန်ဂမာနာဂ၊ ဟိုလုန်ဂါနာဂတို့ နေထိုင်ကြသည်။ နာဂ တစ်မျိုးလုံးကို ခြုံကြည့်ပါက ရုပ်ရည်မှာ မြန်မာများနှင့် အလွန်တူသည်။ ကိုယ်လုံးကိုယ်ထည် တောင့်တင်း၍ အရပ်မြင့်သည်။ မိန်းမများသည်လည်း ယောကျာ်းများကဲ့သို့ပင် ကာယဗလ အချိုးကျပြေပြစ်သည်။

 

ယောကျာ်းများကဲ့သို့ပင် သန်မာထွားကျိုင်းသည်။ နာဂတို့၏ အလုပ်အကိုင်မှာ မိုးအခါတွင် တောင်ယာစိုက်ပျိုး၏။ တောင်ယာရိတ်သိမ်းပြီးချိန်တွင် အိမ်မိုးရန်၊ အိမ်ပြင်ရန်အတွက် သစ်၊ ဝါးခုတ်ကြသည်။ နေ့စဉ်လုပ်ငန်းမှာ ရေနှင့် ထင်း သယ်ယူရခြင်းဖြစ်သည်။ နာဂတို့၏အိမ်မှာ တဲတန်းရှည် မြေစိုက်အမိုးကုပ်ကုပ်နှင့် တိုးလျှိုတံခါးပေါက် ဖောက်ထားသည်။ အိမ်အမိုးကို ထန်းလက်၊ အုန်းလက် စသည့် အလက်များ မိုးကြသည်။ အချို့ ဒေသများတွင် ကျောက်ပြားများဖြင့် အိမ်အမိုး မိုးထားသည်ကို တွေ့ရသည်။ တဲ၏အလယ် တစ်နေရာတွင် မြေကြီးများကို ဘောင်ခတ်၍ ထည့်ထားပြီးလျှင် မီးဖို သုံး၊ လေးဖိုမျှ ပြုလုပ်ပြီး မီးအမြဲထည့်ထားသည်။ အိပ်ရာအတွက် ခုတင်သဖွယ် အိပ်စင်မြင့်မြင့်လုပ်၍ အောက်မှ မီးဖို ဖိုထားသည်။ အိပ်စင်တစ်ခုလျှင် မီးဖိုတစ်ခု ရှိမြဲဖြစ်သည်။ များသောအားဖြင့် တဲများကို တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် ဆောက်လေ့ရှိသည်။

 

ရွာများမှာ ရေတံခွန်များ၊ မြစ်ချောင်းများနှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိလေ့ရှိသည်။ ရွာတိုင်းတွင် အတိုင်ပင်ခံဇရပ်ဟု ဆိုနိုင်သော ယောကျာ်းဆောင်များနှင့် ချစ်ဂေဟာများ ထားလေ့ရှိသည်။ အတိုင်ပင်ခံဇရပ်များမှာ အမျိုးအုပ်စုအလိုက် သီးခြားဆောက်လေ့ရှိ သည်။ တစ်ဆောင်နှင့်တစ်ဆောင် ဂုဏ်ပြိုင်လေ့ရှိသည်။ ထိုဇရပ်များတွင် ယောကျာ်းများ စုဝေး၍ ရပ်မှုရွာမှုကိစ္စအရပ်ရပ်ကို နံနက်တိုင်း ဆွေးနွေးလေ့ရှိသည်။ ထို့နောက်တွင်မှ လယ်ကွင်းသို့ ဆင်းကြသည်။ ဇရပ်တွင် ကုလားတက်သဖွယ် သစ်သားကိုထွင်း၍ လုပ်ထားသော စည်ကြီးများရှိသည်။ အဝအကျယ် မှာ ၁၂ လက်မမှ ၁၈ လက်မခန့်အထိရှိ၍ ကျည်ပွေ့သဖွယ် တုတ်တံဖြင့် ထုနှက်ရသည်။ ရန်သူလာလျှင်ဖြစ်စေ၊ ဝမ်းသာသော အထိမ်းအမှတ်ဖြင့်ဖြစ်စေ စည်ကို ထုနှက်ကြသည်။ အရှိန်ယူ၍ ထွင်းလုပ်ရသည်ဖြစ်၍ ရွာမီးလောင်ရာတွင် ယင်းစည်ကို မီးထဲမပါစေရန် မီးလွတ်မည့်နေရာ၌ ထားလေ့ရှိသည်။ ဇရပ်နှင့် မနီးမဝေး သစ်ပင်ပေါ်တွင် လင့်စင်တစ်ခု ထားရှိ၍ ကင်းစောင့်ချထားလေ့ရှိသည်။ ရွာပတ်လည်၌လည်း ကင်းတဲများထားသည်။

 

 

နာဂတို့သည် စပါးစပျိုးသောအချိန်အခါတွင် ရွာတည်ထောင်သူ အကြီးအကဲ၏အဆက်အနွှယ်တစ်ဦးဦးက ဦးဆောင်၍ ဆုတောင်းပြီးမှ စပါးစေ့များကို ကြဲချသည်။ ထို့နောက်မှ ရွာသူရွာသားများက ပျိုးကြဲချသည်။ စပါးစိုက်သည့်အလယ်တွင်ပင် ပိန်းဥပင်များကို ရောနှောစိုက်ပျိုးသည်။ ပိန်းဥမှာ နာဂတို့၏ မူလသမားရိုးကျ အစာဖြစ်သော်လည်း ပိန်းဥကိုစိုက်ခြင်းသည် ယောကျာ်းများအဖို့ ဂုဏ်ငယ်သည်ဟု ယူဆကြသည်။ မိန်းမများကပင် စိုက်ရသည်။ တူးရသည်။ သယ်ယူရသည်။ စပါးပင်များ ပေါက်လာသောအခါ ပေါင်းသင်ရ၊ နုတ်ရသည်မှာလည်း နာဂတို့အတွက် မနေမနားရသော လုပ်ငန်းတစ်ရပ်ပင် ဖြစ်သည်။ စပါးအထွက်ကောင်းရန်၊ ပျိုးအောင်ရန် ပေါင်းမြက်များကို မပြတ်နုတ်ပေးရသည်။ အချို့လယ်များတွင် လူငှား၍ နုတ်ရသည်။ အချို့လယ်များတွင် မိန်းကလေးများနှင့် ယောကျာ်းလေးများပူးပေါင်း၍ မိမိတို့ လယ်များကို တစ်လှည့်စီပေါင်းနုတ်ကြသည်။ ပေါင်းနုတ်ချိန် ပြီးမြောက်သောအခါ လယ်တဲများ၌ အကျွေးအမွေးများ တည်ခင်းဧည့်ခံ ကြသည်။ လယ်ကို ကူညီပေးသောသူအား ဆန်အရက်ကို အဝတိုက်၍ ကျေးဇူးဆပ်ကြသည်။ ရွာထဲ၌လည်း အထူးဧည့်ခံ ကျွေးမွေးပွဲများ လုပ်ကြသည်။ လပြည့်နေ့ကျရောက်သောအခါ၌လည်း ပျော်ပွဲများကျင်းပသည်။ စပါးရိတ်သိမ်းချိန်၌လည်း ထိုနည်းတူပင် ကျင်းပကြသည်။ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေစဉ်အတွင်း မည်သူ့ကိုမျှ ရွာထဲသို့ အဝင်မခံကြဘဲ ရွာလုံးကျွတ် အလုပ်မလုပ်ဘဲ သောက်စားကခုန်ကြလေ့ရှိသည်။

 

ထိုပွဲများအပြင် အလှူပေးပွဲဟူ၍လည်း ရှိသေးသည်။ ယင်းမှာ တစ်ဦးချင်းစီပြုလုပ်သော ပွဲဖြစ်သည်။ နာဂတစ်ဦးတစ်ယောက် သည် လူကုံထံ ကြေးရတတ် ဖြစ်လာလိုပါက ဤကဲ့သို့ အလှူပေးရသည်။ ရှေးဦးစွာ ကျောက်တုံးဆွဲပွဲကို ကျင်းပရသည်။ အလှူရက် မတိုင်မီ အလှူရှင်သည် ကျောက်တုံး နှစ်တုံးကို ကြိုတင်ရှာဖွေထားရသည်။ အလှူနေ့ နံနက်မိုးလင်းသည်နှင့် နာဂယောကျာ်းများသည် အိမ်ရှေ့သို့ထွက်၍ အစွမ်းကုန် ဖြီးလိမ်းပြင်ဆင်ကြသည်။ ယောကျာ်းများနှင့် ပိုမို သက်ဆိုင်သောနေ့ဖြစ်သဖြင့် မိန်းမများမှာ သင့်ရုံသာပြင်ဆင်ကြသည်။ ပြီးလျှင် အလှူရှင် အိမ်သို့ အစုလိုက်သွားကြသည်။ ရှေးဦးစွာ နွားနှစ်ကောင်ကိုသတ်ပြီး အမဲဖျက်၍ ဝေငှပေးသည်။ အလှူရှင်မှာ ပေါင်တစ်ချောင်းကို ရရှိသည်။ ၁၄ ရက်လုံးလုံး ထိုပေါင်သားကိုသာ စားကြရမည်ဖြစ်သည်။ ထို့နောက် ရွာမှ နတ်ဝင်သည်ကို ပင့်ခေါ်ပြီး ငှက်ပျောရွက်ခွက်ဖြင့် ထည့်ထားသော ဆန်အရက်ကို တိုက်သည်။ နတ်ဝင်သည်က ''သင့်ကောက်စပါးများ၊ ပေါများစေသော်၊ အရက်များလည်း မကုန်မခန်းနိုင်အောင် ပေါများစေသော်၊ ဘေးအပေါင်းမှ ကင်းလွတ်ချမ်းသာစေသော်'' ဟု ဆုမွန်ကောင်းတောင်းပေးသည်။ ထို့နောက် ကျွဲ၊ နွားများကို သတ်ဖြတ် ဝေငှပြန်သည်။ နေအတော်မြင့်လျှင် အလှူရှင် ဇနီးမောင်နှံ ခေါင်းဆောင်ပြီး ယောကျာ်း ၃ဝ၊ ၄ဝ ခန့်သည် တောင်ရိုးပေါ်ရှိ တောအုပ်သို့ ဝင်ကြသည်။ တောထဲ၌ ကြိုတင်ရှာဖွေထားသော ကျောက်တုံး နှစ်တုံးကို ကြိမ်ကြိုးခွေများဖြင့် ရစ်ပတ်ချီနှောင်လျက် သစ်သားစွပ်ဖားပေါ်သို့ တင်ပြီး ဆွဲယူကြသည်။ လမ်းပန်းမပြေပြစ်သည့် နေရာများ၌ ညာသံပေး၍ ဟည်းတိုက် ဆွဲကြရသည်။ နေအတော်စောင်းမှပင် လယ်ကွင်းများဆီသို့သွားသော လမ်းအနီးသို့ ရောက်လာကြသည်။ ထိုနေရာတစ်ဝိုက်တွင် အခြားအလှူရှင်များ ပစ်ချထားသော ကျောက်တုံးကြီးများရှိပေသည်။ အလှူရှင်သည် ကြိုတင်တူးဖော်ထားသော တွင်းနှစ်တွင်းထဲသို့ သယ်ယူလာသော ကျောက်တုံးနှစ်တုံးကို ပစ်ချစေသည်။ ထို့နောက် အလှူရှင်က ကျောက်တုံးကြီးပေါ်သို့ ၄င်း၏ ဇနီးက ကျောက်တုံးငယ်ပေါ်သို့ အသီးအသီး အရက်အနည်းငယ်စီ လောင်းချကြသည်။ ထို့ပြင် ယဇ်ပူဇော်သော နွား၏သွေးဖြင့် မျက်နှာကို သုတ်လိမ်းကြပြီးနောက် ''ကျွန်ုပ်တို့၏ ဆန်ရေစပါး စားမကုန်အောင် ပေါများပါစေသော်'' ဟု နှစ်ဦးလုံး ဆုတောင်းကြသည်။ ထို့နောက် ကျောက်တုံးဆွဲပွဲ ပြီးမြောက်သောအခါ ပျော်ရွှင်စွာ အော်သံဟစ်သံ ကြူးတော့သည်။ လူအုပ်ကြီးလည်း လှံများ၊ ဓားမတိုများကို လေထဲတွင် လွှင့်ကစား၍ ကခုန်သီဆိုလျက် ရွာသို့ပြန်လာကြသည်။ ထိုညတွင် ညလုံးပေါက် သောက်စားပျော်ပါးကြသည်။ ရက်များ မကြာမီ အလှူရှင်၏ အိမ်မြင့်မို၌ သစ်သား အော်လန်သဖွယ် အချွန်နှစ်ခုကို တပ်ဆင်လိုက်သည်။ ထိုအရာကိုလေ့လာကြည့်ပါက အိမ်ရှင်သည် အလှူပွဲကြီးပေးခဲ့ကြောင်းကို သိသာနိုင်သည်။ ထိုအရာနှင့် ကျောက်တုံးများသည် အလှူရှင်အား လူကုံထံ ကြေးရတတ်ဖြစ်ကြောင်းကို ဖော်ပြကြသည်။ ပို၍ဂုဏ်တက်လိုပါက ကျောက်တုံးကို နှစ်တုံးမှ ရှစ်တုံး၊ ၁ဝ တုံးအထိ ဆက်၍ စိုက်ထူနိုင်ပေသည်။ ထိုသို့ပြုလုပ်လှူဒါန်းနိုင်သူ ရှားပါးကြသည်။ အလှူရှင် ကွယ်လွန်သောအခါ ၄င်း၏ ဝိညာဉ် တစ်စိတ်တစ်ဒေသသည် ကျောက်တုံး၌ နေသည်ဟု ယူဆကြသည်။ အချို့ နာဂရွာများ၌ ကျောက်တုံးအစား ကျောက်ပြားများကို စက်ဝိုင်းသဏ္ဌာန် ဝိုင်း၍စီထားသည်။ နာဂလူမျိုးများသည် သင်္ချိုင်းဂူများကို ရွာထဲ၌ လည်းကောင်း၊ ရွာလမ်းနံဘေး၌လည်းကောင်း တည်ထားကြသည်။ ဂူပေါ်တွင်တင်ထားသော ကျောက်တုံးကြီးများကို ကြည့်ရှုပါက ထိုသူ အသက်ရှင်စဉ် စစ်မက်ဖြစ်ပွားပါက ခေါင်းဖြတ်ခဲ့သမျှကို သိရှိနိုင်ပြီး ကျောက်တုံးငယ်များမှာမူ ၎င်း၏ချစ်သူများကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့ဂူများ၌ ကျောက်တုံးငယ် ၆ဝ ခန့်ပင် တွေ့ရသည်။

 

နာဂလူမျိုးများကိုင်ဆောင်သော လက်နက် မှာ လှံ၊ တုတ်ရှည်ထိပ်တွင် ဓားမတိုသဖွယ် တပ်ထားသောအရာနှင့် လေးမြားတို့ဖြစ်သည်။ လှံတံ၌ မုတ်ဆိတ်မွေးများကို အရောင်စုံဆေးဆိုး၍ တပ်ထားကြသည်။ လှံသွားတွင် အဆိပ်လူးလေ့ရှိသည်။ ၃၅ ပေမှ ပေ ၄ဝ အတွင်း လက်မှန်းတည့်အောင် ပစ်နိုင်သည်။ နာဂ အမျိုးသမီးများသည် အားလပ်ချိန်တွင် ရက်ကန်းရက်လုပ်တတ်ကြသည်။ နာဂတို့တွင် ရိုးရာအကများလည်း ရှိကြသည်။ ၄င်းတိုမှာ လှံအက၊ ဓားအက၊ စစ်ရေးပြအကတို့ ဖြစ်ကြသည်။ ယခုအခါ တိုင်းရင်းသားလူမျိုး တစ်မျိုးဖြစ်သည့် နာဂတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသဖြစ်သော ခန္တီးမြို့နယ်တွင် ရှမ်းနှင့် နာဂတိုင်းရင်းသားများ တစ်ဝက်စီခန့်၊ ဟုမ္မလင်းမြို့နယ်တွင် အနည်းငယ်၊ လေရှီးမြို့နယ်တွင် တန်ကွန်နာဂ၊ မကူရီနာဂ၊ ပါရာနာဂမျိုးနွယ်စုများ၊ လဟယ်မြို့နယ်တွင် လိုင်းနောင်နာဂ၊ မကျန်နာဂ၊ ကျန်း/ကား နာဂ၊ နောက်အော် နာဂ၊ ဂုဏ်ဝပ်/မာနောက်၊ ဟိုင်းမြေ မျိုးနွယ်စုများနှင့် နန်းယွန်းမြို့နယ်များတွင်မူ ဟိုင်းမြေနာဂမျိုးနွယ်စုများ အများဆုံးနေထိုင်ကြသည်။ မူရင်း နာဂမျိုးစုကြီး လေးမျိုးရှိပြီး နာဂမျိုးနွယ်စုပေါင်း ၆၄ မျိုး ရှိသည်။ မူလ နာဂလူမျိုးစုကြီးလေးမျိုးမှာ ကွမ္မရာနာဂ၊ ထငံနာဂ၊ စန်းနာဂနှင့် ဟဲမြေနာဂတို့ ဖြစ်ကြသည်။

 

နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ပွဲတော်များအနက် နှစ်သစ်ကူးပွဲတော်သည် အကြီးကျယ်ဆုံးသော ပွဲတော်ဖြစ်ပေသည်။ နှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံရိတ်သိမ်းပြီးစ နောက်နှစ် တောင်ယာလုပ်ငန်းမဝင်မီ ကျင်းပလေ့ရှိကြသည်။ တစ်ရွာနှင့်တစ်ရွာ ပွဲရက်မတိုက်ဆိုင်အောင် ကျင်းပလေ့ရှိပြီး တစ်ရွာမှာ ကျင်းပသည့်ပွဲတော်ကို အခြားရွာများမှ သွားရောက်ပါဝင်ပျော်ရွှင်လေ့ရှိကြသည်။ နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် တစ်နှစ်လုံးတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများမှ အကျိုးရလဒ်များကို အချင်းချင်း တိုင်ပင်နှီးနှောဖလှယ်လေ့ ရှိကြသည်။ လာမည့်နှစ်တွင် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်း ဆောင်တာများကိုလည်း ပွဲတော်တွင် ဆွေးနွေးကြသည်။ အရောင်းအဝယ်ကိစ္စမှ ပေးရန်/ ရရန် ကြွေးမြီများကိုလည်း ပွဲတော်တွင် ဆွေးနွေးကြသည့် အလေ့ပါရှိသည်။ နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ယခင်က တစ်ရွာ တစ်ရက် ကျင်းပနေသည်မှာ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုအားနည်းနေသည်ဟု နာဂအကြီးအကဲများက ယူဆလာကြပြီး ၁၉၅၆-၅၇ ခုနှစ်ခန့်မှစ၍ တစ်မြို့တစ်ရွာ မြို့နယ်အဆင့်၊ ကျေးရွာအဆင့်များ တစ်ပေါင်းတည်း ကျင်းပလာခဲ့ကြသည်။ ထို့နောက် ၁၉၉ဝ ပြည့်နှစ်မှစ၍ မြို့နယ်ပေါင်းစုံမှ နာဂမျိုးနွယ်စု အကြီးအကဲများ အကျေအလည်ညှိနှိုင်းကြပြီး တစ်ရပ်တစ်ရွာ တစ်ရက်စား နှစ်စဉ် ဇန်နဝါရီ ၁၅ ရက်ကို နာဂရိုးရာနှစ်သစ်ကူးပွဲတော် ရက်အဖြစ် သတ်မှတ်၍ တစုတပေါင်းတည်း စည်ကားသိုက်မြိုက်စွာ ခမ်းခမ်းနားနား ကျင်းပလာခဲ့ကြသည်။ နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင်လည်း နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ရက်ကို တကူးတက လာရောက်အားပေးခဲ့ကြသည်။

 

 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှ နာဂလူမျိုးများ

 

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များပါ စိတ်ဝင်တစား လာရောက် လေ့လာလေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှ နာဂမျိုးနွယ်စုများသည် ရှေးဟောင်းထုံးတမ်း ဓလေ့အတိုင်း ရိုးရာမပျက် ထိန်းသိမ်းထားမှုများနှင့် ရှေးပုံစံမပျက် ဝတ်စားဆင်ယင်မှုများရှိ၍ နာဂမျိုးနွယ်စုများ၏ ထုံးတမ်းဓလေ့များနှင့် တီးမှုတ်ကခုန်သော သီချင်းများသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။ နာဂ ရိုးရာပွဲတော်တွင် နာဂမျိုးနွယ်စုပေါင်း၏ ဝတ်စားဆင်ယင်မှုများ၊ ရိုးရာတေးသီချင်းများ၊ အကမျိုးစုံနှင့် ယဉ်ကျေးမှုဓလေ့များကို တွေ့မြင်သိရှိနိုင်ပေသည်။ ဤဆောင်းပါးဖြင့် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် နာဂ ရိုးရာ နှစ်သစ်ကူးပွဲတော်အား ကြိုဆိုဂုဏ်ပြုလိုက်ရပါတော့သည်။

 

ကိုးကားချက် ။ ။ မြန်မာ့စွယ်စုံကျမ်း အတွဲအမှတ် - ၅

 

ယဉ်ကျေးမှုစာစောင်