မြဝတီမြို့၌ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ (လက်ချည်) မင်္ဂလာ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြဝတီ သြဂုတ် ၁၂

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာပွဲကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ကရင်အမျိုးသား ထာဝရနှစ်သစ်ကူးကွင်းတွင် ဩဂုတ် ၁၁ ရက်က စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိက အဖွင့်အမှာစကား ပြောကြားပြီး မြဝတီမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်း ဂုဏ်ထူးဆောင် နာယက အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူး စောမုတ်သုန်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ထာဝရကရင်နှစ်သစ်ကူးကွင်း ခန်းမဆောင် အပြီးသတ် ဆောက်လုပ်ရန် အလှူငွေများ ပေးအပ်လှူဒါန်းရာ မြဝတီမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် ချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာဖြစ်ပေါ်လာပုံစာတမ်းအား ပိုးကရင်၊ စကောကရင်ဘာသာဖြင့် ဖတ်ကြား ခြင်း၊ မြဝတီမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေး အသင်းကြီး စတင်တည်ထောင်ခဲ့သော ဂုစ်ထူးဆောင်နာယကကြီးများနှင့် အသင်းကြီးတွင် အဆက်ဆက်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာအခမ်းအနား ကျင်းပရေးအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကရင်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ ကျင်းပရေးကော်မတီ အတွင်းရေးမှူးက ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို ဆောင်ရွက်သည်။

ဆက်လက်ပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာတေးသီချင်းဖြင့် ချည်ဖြူဖွဲ့(လက်ချည်) မင်္ဂလာအခမ်းအနား ဖွင့်လှစ်ပေးပြီး ကရင်အဘိုးအဘွားများက ချည်ဖြူဖွဲ့(လက်ချည်) ရန် ဆုတောင်းရွတ်ဖတ်ပေးခြင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိသတ်များ၊ ကရင်အမျိုးသားများက ချည်ဖြူဖွဲ့ ခံယူခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)