မြဝတီ၊ နောင်ချိုနှင့် တန့်ယန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၉


နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် ဇော်မင်းထိုက်(ခ) ကိုထိုက်နှင့် အောင်ကျော်ဦး တို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,၇၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၂ နာရီတွင် ပူးပေါင်းအဖွဲ့က မြဝတီမြို့နယ် မဲထော်သလေးကျေးရွာအုပ်စု၊ မဲထော်သလေးကျေးရွာရှိ ဇော်မင်းထိုက်(ခ)ကိုထိုက် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၄,၃၃၀ ကိုလည်းကောင်း။

 

 အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ကန်ကြီးကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာအနီးရှိ နောင်ချို-ရပ်စောက် သွားကားလမ်းတွင် ကျော်ကိုကိုစိုး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၅)ရပ်ကွက်နေ လုံးဆန်ကော်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

(ရဲပြန်ကြား)