မူးယစ်ရာဇာ အယ်လ်ချာပါဂုဇ်မန်း၏ ပိုင်ဆိုင်မှုများကို စစ်ဆေးမည်

၁၂ အောက်တိုဘာ

 

မက္ကဆီကိုအစိုးရအဖွဲ့အနေဖြင့် မူးယစ်ရာဇာ အယ်လ်ချာပါဂုဇ်မန်း၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို အမေရိကန် ပြည်ထောင်စုနှင့်အတူ ပူးတွဲလုပ်ဆောင်သွားမည်ဟု မက္ကဆီကို သမ္မတ အန်ဒရက်စ်မန်နျု ရယ်လိုပက်ဇ်က ထုတ်ဖော်ပြောကြားလိုက်သည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ မိမိတို့နှင့် အမေရိကန်တို့ ပြောဆိုဆွေးနွေးပြီးဖြစ်ကြောင်း၊ အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း နေ့စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မက္ကဆီကိုသမ္မတက ပြောကြားခဲ့သည်။

 

မူးယစ်ရာဇာ၏ ပိုင်ဆိုင်မှုများအား ပြန်လည်ရရှိရန် မိမိတို့ဆောင်ရွက်နေကြောင်း၊ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ငွေကြေးများအား မက္ကဆီကိုနိုင်ငံသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတက ပြောကြားသည်။

 

အယ်လ်ချာပိုဂုဇ်မန်းသည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံကျော် ပိုင်ဆိုင်ထားသည်ဟု အမေရိကန်အစိုးရက ပြောကြားသည်။

 

မင်နာလိုအာကာတယ်အမည်ရှိ ကမ္ဘာ့အကြီးမားဆုံး မူးယစ်မှောင်ခိုအဖွဲ့ခေါင်းဆောင် ဟောင်းဂုဇ်မန်းအား မူးယစ်ဆေးမှောင်ခို ရောင်းဝယ်ဖောက်ကားမှု၊ လူသတ်ရန် ပူးပေါင်းကြံစည်မှုနှင့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့မှုများအတွက် ယခုနှစ် ဇူလိုင်လတွင် အမေရိကန် တရားရုံးတစ်ရုံးက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

 

ဂုဇ်မန်းသည် ၂၀၁၆ ခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပြန်လည်အဖမ်းမခံရမီ အချိန်ထိ မက္ကဆီကိုနိုင်ငံတွင် နှစ်ကြိမ်တိုင်တိုင် ထောင်ဖောက်ထွက်ပြေး လွတ်မြောက်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ တရားခံ လွှဲပြောင်းပေးရေး အစီအစဉ်အရ လွှဲပြောင်းပေးခံခဲ့ရသူ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-ဇော်ဝင်း