မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရှိန်အဟုန်မြှင့်

နေပြည်တော် ၂ ဇွန်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မေ ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌တွေ့ဆုံ၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တိုက်ဖျက်နှိမ်နင်းရေးနှင့် တားဆီးကာကွယ်ရေး အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ပေးရန် လမ်းညွှန် မှာကြားခဲ့သည်။

 

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်မှာကြားချက်များတွင် ဒေသဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးအဖွဲ့များကို မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းသွားရန်လိုအပ်ပြီး ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသမှစိတ်ပါဝင်စားသူ ပြည်သူများ ပါဝင်ဖွဲ့စည်းရန်လိုအပ်ကြောင်း၊အဆိုပါအဖွဲ့အစည်းများကိုလည်း ဆုငွေချီးမြှင့်ရေးစနစ်ကျင့်သုံး၍ လိုအပ်သလို စီမံခန့်ခွဲသွားရန်လိုအပ်ကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့ကို သီးခြားဖွဲ့စည်း၍ ဗဟိုအဖွဲ့မှ တိုက်ရိုက်ကွပ်ကဲကြပ်မတ်သွားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်မှာ အလွန်ကြီးမားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းလမ်းညွှန်ချက်များကို မှာကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုအစိုးရ၏ ဦးစားပေးဆောင်ရွက်သွားမည့် ရည်မှန်းချက်ပန်းတိုင်များတွင် မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ဖို့ နိုင်ငံတော်သမ္မတကြီးက ထုတ်ဖော်ကြေညာခဲ့ပြီးဖြစ်သည်။ယခု လက်တွေ့အကောင်အထည်ပေါ်လာရန်အတွက် ထပ်မံအသိပေးလိုက်ခြင်းဖြစ်သည်ဟု ရှုမြင်ပါသည်။

 

မူးယစ်ဆေးဝါးပိုမိုနှိမ်နင်းရေးနှင့်ပတ်သက်၍ “အဓိကထုတ်လုပ်၊ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းရန်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေတာတွေကို မသိချင်ယောင်ဆောင်ထားတဲ့၊ သိလျက်နဲ့လွှတ်ထားတဲ့ ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင်လည်းအဓိကတာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူမှုတွေပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့ မူးယစ်ဆေး ဖမ်းဆီးရမိမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရပါလိမ့်မယ်။ မူးယစ်ရဲတွေရဲ့ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးပြီး တစ်ဖက်ကလည်း ဆုပေး၊ ဒဏ်ပေးစနစ်ကို ထိထိရောက်ရောက်ဖြစ်အောင် ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။ အခြေအနေအရ လိုအပ်ပါက ဗဟိုတွင် လျှပ်တစ်ပြက်ဖမ်းဆီးနိုင်တဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့တစ်ဖွဲ့ထားရှိပြီး ဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတကြီးက မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင်နိုင်ငံသူ နိုင်ငံသားများအား အသိပေးထားသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ဘိန်းစိုက်ပျိုးမှုလျှော့ချရေး ငါးနှစ်စီမံကိန်း(၂၀၁၄ မှ ၂၀၁၉ အထိ) အကောင်အထည်ဖော်နေပြီး တစ်ဖက်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုအားထည့်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ ။

 

ကြေးမုံ