မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုများအတွက် မူပိုင်ခွင့်တရားရုံး

 

တင်နွယ်စိုး

 

မြန်မာနိုင်ငံတွင်   ဉာဏပစ္စည်းမူပိုင်ခွင့်များ အကာအကွယ်ပေးရန် ကုန်အမှတ် တံဆိပ်မူပိုင်ခွင့် ဥပဒေ၊ စာပေအနုပညာ မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေတို့  ပြဋ္ဌာန်း ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ပြည်ထောင်စု ဥပဒေအမှတ်    ဖြင့်  ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စတင် အာဏာတည်ပြီဖြစ်ပါသည်။

 

မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်သစ်တွင် ပေါ်ပေါက်လာမည့် မူပိုင်ခွင့်ဆိုင်ရာ  အငြင်းပွားမှုများကို စီရင်ဆုံးဖြတ်မည့် မူပိုင်ခွင့်တရားရုံးများသည်လည်း  အရေးကြီးသည့် အခန်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာခဲ့ပါသည်။

 

မူပိုင်ခွင့်တရားရုံးများနှင့် စီရင်ပိုင်ခွင့်

 

မူပိုင်ခွင့်တရားရုံးဆိုသည်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကို စစ်ဆေး စီရင်ရန်ဥပဒေအရတည်ထောင်သော တရားရုံး သို့မဟုတ် မူပိုင်ခွင့်ရုံး၏ စီရင်ပိုင်ခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားသည့် တရားရုံးကို ဆိုလိုသည်။

 

မူပိုင်ခွင့်ဥပဒေများတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် သင့်လျော်သောနယ်မြေဒေသတွင် မူပိုင်ခွင့်တရား ရုံးများ တည်ထောင်ခြင်း၊ တရားသူကြီးများ ခန့်အပ်ခြင်း၊ စီရင်ပိုင်ခွင့် အာဏာနှင့် လုပ်ပိုင်ခွင့်များအပ်နှင်းခြင်း၊ မူပိုင်ခွင့် တရားရုံးများကို တည်ထောင်ခြင်းမပြုမီ သင့်လျော်သော တရားရုံးအား မူပိုင်ခွင့် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအပ်နှင်း ခြင်း၊ အယူခံမှု၊ ပြင်ဆင်မှုများအပေါ် စီရင်ပိုင်ခွင့်အာဏာ သတ်မှတ်ပေးခြင်း၊ စီမံခန့်ခွဲရေးအာဏာပိုင်၏ ဆုံးဖြတ်ချက်များအပေါ် တင်သွင်းသည့် လျှောက်ထား မှုများကို စစ်ဆေးစီရင်ရန် စီရင်ပိုင်ခွင့် အာဏာအပ်နှင်းခြင်းတို့ ဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများကို စစ်ဆေးစီရင်ရန် သင့်လျော်သည့် နယ်မြေဒေသတွင် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာ နှင့် လုပ်ပိုင်ခွင့်များကို ၂၄-၃-၂၀၂၃ ရက် စွဲပါ အမိန့်ကြော်ငြာစာများဖြင့် အပ်နှင်း ပြီးဖြစ်ပါသည်။

 

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ ရာဇဝတ်မှုများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားရုံးများနှင့် ခရိုင်တရားရုံးများ ကလည်းကောင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများနှင့် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားမှုများကို ကျောက်တံတား ခရိုင်တရားရုံးကလည်းကောင်း၊ ရာဇဝတ်ဆိုင်ရာအယူခံ၊ ပြင်ဆင်မှုများကို တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များကလည်းကောင်း၊ တရားမ ဆိုင်ရာအယူခံ၊ ပြင်ဆင်မှုများနှင့် အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကလည်းကောင်း ဥပဒေ စတင်အာဏာတည်သည့်နေ့မှစ၍ ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ပါသည်။

 

အဆိုပါတရားရုံးများတွင် မူပိုင်ခွင့် ဆိုင်ရာအမှုများ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် မူပိုင်ခွင့် ဆိုင်ရာ အထူးဌာနခွဲများထားရှိ၍ အမှုလက်ခံခြင်း၊ စီရင်ပိုင်ခွင့်ရှိတရားသူကြီးများက အမှုစစ်ဆေးစီရင်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

 

စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များ

 

မူပိုင်ခွင့်တရားရုံးသည် အမှတ် တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ထိပါးချိုးဖောက်ခြင်းအတွက် အရေးယူ ဆောင်ရွက်ရာတွင် ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားခြင်း မရှိလျှင် သက်သေခံ အက်ဥပဒေ၊ ရာဇဝတ်ကျင့် ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် အခြားစပ်ဆိုင်သည့် တည်ဆဲဥပဒေတို့ပါ ပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ထုတ်ပြန်သည့် တရား စီရင်ရေးဆိုင်ရာ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို လိုက်နာကျင့်သုံးမည် ဖြစ်ပါသည်။

 

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကို ၂၄-၃-၂၀၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာ ဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

 

စီရင်ပိုင်ခွင့်ရှိ တရားရုံးများသည် သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန် အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ ရာဇဝတ်မှုများ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများနှင့် ယာယီအရေးယူ ဆောင်ရွက်ပေးရန် လျှောက်ထားမှုများ၊ အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် လျှောက်ထားမှုများ၊ အကောက်ခွန်ဦးစီးဌာန၏ ဆုံးဖြတ်ချက် အပေါ်လျှောက်ထားမှုများကို လက်ခံစစ်ဆေး ဆောင်ရွက်မည်ဖြစ်ပါသည်။

 

မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအရ စွဲဆိုသည့် တရားမမှုများနှင့် ရာဇဝတ်မှုများတွင် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှု ဆောင်ရွက်ရန် “မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို လိုက်နာကျင့်သုံး မည်ဖြစ်ပါသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခြင်းဖြင့် မှုခင်းများတွင် အငြင်းပွားမှုများကို မျှတစွာဖြေရှင်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ စစ်ဆေးစီရင်နိုင်ခြင်း၊ မှုခင်းများ မကြန့်ကြာစေခြင်း စသည့် ရလဒ်များ ရရှိစေနိုင်မည် ဖြစ်ပါသည်။

 

တရားရုံးက ဦးဆောင်၍ စေ့စပ်ဖြေရှင်းဆောင်ရွက်ခြင်း

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်မှုဆိုင်ရာ တရားမမှုများသည် ကူးသန်း ရောင်းဝယ်ရေး မှုခင်းအမျိုးအစားတွင် ပါဝင်ပါသည်။ အမှတ်တံဆိပ် အငြင်းပွားသူ ပုဂ္ဂိုလ်များအကြား ပေါ်ပေါက်လာ သည့် အငြင်းပွားမှုများကို နှစ်ဦးနှစ်ဖက် ချစ်ကြည်စွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် ဖြစ်စေ၊ အနုညာတ စီရင်ဆုံးဖြတ် ခြင်းဖြင့်ဖြစ်စေ၊ တရားစွဲဆိုခြင်းဖြင့် ဖြစ်စေ ဖြေရှင်းနိုင်ရန် ပြဋ္ဌာန်းထားပါသည်။

 

တရားရုံးက တရားမအငြင်းပွားမှုများကို ထိရောက်မြန်ဆန်စွာ ဖြေရှင်းပေးရန်ရည်ရွယ်၍ စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ရာမှ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးနှင့် ပြည်ထောင်စုနယ်မြေတို့တွင် စေ့စပ် ဖြေရှင်းရေးဌာနများဖွင့်လှစ်၍ ဆောင် ရွက်ပေးလျက်ရှိပါသည်။

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက် မှုဆိုင်ရာ တရားမမှုများတွင် အမှုသည် များသည် အမှုစစ်ဆေးမှု မစတင်မီ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် စေ့စပ်ဖြေရှင်းရေးဌာနတွင် အငြင်းပွား မှုကို ကိုယ်တိုင်ပါဝင်ညှိနှိုင်း၍ သဘောတူညီချက်ရရှိခြင်းဖြင့် အချိန်တိုအတွင်း ကုန်ကျစရိတ် သက်သာစွာဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

သက်သေများကို  ဗီဒီယိုရုပ်မြင်သံကြားမြင်ကွင်းစနစ်ဖြင့်စစ်ဆေးခြင်း

 

မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများအတွက် စီရင်ပိုင်ခွင့်အပ်နှင်းထားသည့် သတ်မှတ်တရားရုံးများတွင် တရားရုံးသို့ မလာ ရောက်နိုင်သည့် ပြည်တွင်း၊ ပြည်ပမှ သက်သေများသည် တရားရုံးနည်းပညာ အသုံးပြု၍ သက်သေခံချက်ပေးနိုင်ပါ သည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဗီဒီယို သို့မဟုတ် ရုပ်မြင် သံကြားဆက်သွယ်မှုဖြင့် သက်သေခံ ချက်ရယူခြင်းနှင့် ဗီဒီယို သို့မဟုတ် ရုပ်မြင်သံကြား ဆက်သွယ်မှုမှတစ်ဆင့် သက်သေခံခွင့်ပြုရန် လျှောက်ထားခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့် ဆိုင်ရာမှုခင်းများတွင် တရားရုံးအသုံးပြုသူများ တရားစီရင်ရေးကို ပိုမိုလက်လှမ်းမီစေခြင်း၊ စီစဉ်သတ်မှတ်ထား သည့်အတိုင်း စစ်ဆေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ် ပါသည်။

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အကာ အကွယ်ပေးသည့်စနစ်သစ်တွင် အငြင်းပွားမှုများအတွက် ပေါ်ပေါက်လာမည့် မူပိုင်ခွင့်တရားရုံးများ၏ အခန်းကဏ္ဍကို တင်ပြလိုက်ပါသည်။