မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် အချိန်တိုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့် မြောက်ဦးမြို့နယ်

မောင်ငြိမ်းအေး

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသကိုဖြတ်ကျော်ပြီး စစ်တွေမြို့အနီးမှ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA)၏ အဖျက်စွမ်းအားမှာ အလွန်ကြီးမားလှပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမည်ရှေ့တိုင်း၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟု ပညတ်ကြသော်လည်း ယခုမိုခါဆိုင်ကလုန်းမုန်တိုင်းမှာမူ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိရှိသဖြင့် “အလွန့်” အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။

ကြေမွပျက်စီး

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်စလုံး ထိခိုက်ကြေမွပျက်စီးသွားခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးမြို့နယ်သည်လည်း အခြားမြို့နယ်များနည်းတူ ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းရှိ ရုံးအဆောက်အအုံများ၊  လူနေအိမ်များ များသောအားဖြင့် အမိုးလန်ပြိုကျ ပျက်စီးသွားခဲ့သည်။ ထို့အပြင် ဓာတ်တိုင်များ၊ သစ်ပင်များ ကျိုးကျပြိုလဲခြင်း၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်း၊ သာသနိက အဆောက်အအုံများ ဖြစ်သည့် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခြင်း၊ စာသင်ကျောင်းများ၊ ကျန်းမာရေးဆေးခန်း များ၊ တိုက်နယ်ဆေးရုံများ၊ ယာယီခိုလှုံရာ စခန်းများ၊ ဆန်စက်များ၊ မွေးမြူရေး ကြက်ခြံများ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ စသည်ဖြင့် တစ်မြို့နယ်လုံးရှိ အဆောက်အအုံများ ကြေမွပျက်စီး သွားခဲ့သည်။

ရှုမောဖွယ်ပျက်ပြယ်

မြောက်ဦးမြို့နယ်သည် မြေညီမြေပြန့် မဟုတ်၊ တောင်ကုန်းတောင်ပူစာတို့ဖြင့် သာယာလှပသော မြို့တစ်မြို့ဖြစ်သည်။ မြို့နယ်၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့ တွင် သစ်တောများ ဖုံးလွှမ်းနေသော တောင်တန်းများရှိပြီး မြို့တောင်ပိုင်းနှင့် အနောက်ပိုင်းတို့မှာ မြေဩဇာကောင်းမွန်သဖြင့် ဆန်စပါးကို အဓိကစိုက်ပျိုးကြသည်။ မြောက်ဦးမြို့နယ်၏ အထင်ကရ အထိမ်းအမှတ်လက္ခဏာသည် တင့်တယ် ရှုမောဖွယ်ကောင်းသည့် ရှေးဟောင်း စေတီပုထိုးများ မြောက်မြားစွာရှိသဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ စိတ်ဝင်စားရာ မြို့တစ်မြို့ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ဖျက်ဆီးမှုကြောင့် သာယာ လှပမှုနှင့် ရှုမောဖွယ်ရာများ အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့ရသည်။ မြောက်ဦးမြို့နယ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ခရိုင်မြို့တစ်မြို့ဖြစ်သည်။ ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်တို့နှင့်အတူ မြောက်ဦးခရိုင်သည်လည်း ပျက်စီးဆုံးရှုံးမှု အများ ဆုံးဖြစ်ခဲ့သည်။  မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်ရှိ  လူနေအိမ်နှင့် အဆောက်အအုံ ၂၀၅၁၉ ခုမှာ တစ်စိတ်တစ်ပိုင်းပျက်စီးသွားခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံ ၇၅၆၁ ခုမှာ လုံးဝပျက်စီးပြိုကျသွားခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၂၀၀၀၀ ကျော်ရှိကြောင်း ခန့်မှန်းထားသည်။

ကြိုတင်ပြင်ဆင်

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် အဖျက်စွမ်းအား အလွန်ကြီးမားသော်လည်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့်  ကြိုတင်အသိပေးထားမှု၊ ရှာဖွေကယ်ဆယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအား ကြိုတင်ပြင်ဆင် ဖွဲ့စည်းထားမှုတို့ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ်များ ပျက်စီးမည်ကို သိသော်လည်း စိုးရိမ်စရာ ကြီးကြီးမားမား မဖြစ်ခဲ့ကြပေ။ မြောက်ဦးခရိုင် အတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့် အင်အား ၄၆၅ ဦးကို စုရပ်နေရာ ၁၃ ခုတွင် အသင့်ပြင်ဆင်ထားရှိခြင်း၊ မုန်တိုင်းသတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ  သိရှိနိုင်ရန် ဆောင်ရွက်ထားရှိခြင်းနှင့် စားရေရိက္ခာများ တစ်ပတ်စာကြိုတင်သိုလှောင်ထား ရှိခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ပူပန်မှုကြီးကြီးမားမား မဖြစ်ခဲ့ခြင်းဖြစ်သည်။

ဂုဏ်ယူဝင့်ကြွား

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကွပ်ကဲမှု အောက်ရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ကော်မတီများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် လမ်းကြောင်းပေါ်တွင် နေထိုင်ကြသည့်ပြည်သူများအား ဘေးလွတ်ရာ နေရာများသို့ ကူညီရွှေ့ပြောင်းပေးထားသဖြင့် မြောက်ဦးမြို့နယ်အတွင်းမှ ပြည်သူများ ထိခိုက်သေဆုံးမှုအန္တရာယ်မှ ကင်းဝေးခဲ့ကြသည်။ မုန်တိုင်းသင့်ဒေသများတွင် မုန်တိုင်းမကျရောက်မီ၊ မုန်တိုင်းကျရောက်စဉ်နှင့် မုန်တိုင်းကျရောက်ပြီး ကာလတစ်လျှောက်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၏ ဂုဏ်ယူဝင့်ကြွား စေတနာထက်သန်စွာဖြင့် ကူညီကယ်ဆယ်စောင့်ရှောက်ပေးမှု များသည် မုန်တိုင်းသင့်ပြည်သူများအတွက် အားဖြစ်စေသည်။

တာဝန်ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် မေလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ကြေညာချက်များပါ  ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် တပ်မတော်အရာရှိကြီးများအား အချိန်မဆိုင်းဘဲ တာဝန်ပေးအပ်ခဲ့ရာ မြောက်ဦး မြို့နယ်တွင်  တပ်မတော်အရာရှိကြီး တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေ အား တာဝန်ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ခဲ့သည်။

ထောက်ပံ့ပေးအပ်

မုန်တိုင်းတိုက်ခတ်ပြီးသည်နှင့် ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များက မြို့ပေါ် ရပ်ကွက်/ကျေးရွာများအတွင်း ပြိုကျပျက်စီးမှုများကို အလျင်အမြန်ရှင်းလင်း ဖယ်ရှားပေးကြပြီး မုန်တိုင်းရှောင် ပြည်သူများကို ပြန်လည်နေရာချထားပေးကြသည်။ ဆက်လက်၍ မြောက်ဦးမြို့နယ်အတွင်းရှိ မုန်တိုင်းသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို နယ်မြေခံတပ်မမှူး ဦးဆောင်မှုဖြင့် မြို့နယ်အုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက မြောက်ဦးမြို့တော်ခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဦးစွာပေးအပ်ခဲ့ကြသည်။

မုန်တိုင်းသင့်  ပြည်သူများအား ထောက်ပံ့ပေးအပ်ရာတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော ဆန်အိတ် ၆၂၁ အိတ်နှင့် ဆီ၊ ဆား၊ ငပိ တို့ကို မြောက်ဦးမြို့နယ် အလယ်ချောင်း ကျေးရွာ၊ ဇီပင်ကြီးကျေးရွာ၊ ရဲဖျားကျေးရွာ စသည့် ကျေးရွာအုပ်စု ၁၉ အုပ်စု၊ ကျေးရွာ ၅၆ ရွာရှိ ပြည်သူ ၁၀၀၀၀ ကျော်အား ‌ထောက်ပံ့ပေးအပ်ခဲ့သည်။ အလားတူ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီး ဌာနကလည်း ကျေးရွာအုပ်စု လေးအုပ်စုမှ လုံးဝပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့ရေး ပစ္စည်း ၁၇ မျိုးကို ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ခဲ့ပြီး ကျန်ရှိသော ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့သည်။

နေ့စဉ်ဆောင်ရွက်

ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာများ နှင့် ပြန်လည်တည်ဆောက်ရမည့် အခြေအနေများကို မုန်တိုင်းလွန်ကာလမှစ၍ မြောက်ဦးမြို့နယ်ကို တာဝန်ယူဆောင်ရွက်ရသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေက မြို့နယ်မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြို့နယ်အတွင်း နေ့စဉ်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အအုံများ၊ ဆေးရုံ၊ ဆေးပေးခန်းများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်များ စသည့် လုံးဝပျက်စီး သွားသည့် အဆောက်အအုံများ၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် အဆောက် အအုံများကို ခွဲခြားစာရင်းကောက်ယူကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးခဲ့သည်။

ကျောင်းဖွင့်အမီ

မြောက်ဦးမြို့နယ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း အပါအဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း ၁၆၈ ကျောင်း ပျက်စီးသွား ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၃၅၉ သန်းကျော် ရှိကြောင်း သိရသည်။ မြောက်ဦးမြို့ပေါ်တွင် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၊ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ တောင်ရပ် မူလတန်းကျောင်းနှင့် မူလတန်းလွန်ကျောင်းများမှာ ခေါင်မိုးနှင့် မျက်နှာကြက်များ  လုံးဝပျက်စီးသွားသဖြင့် ကျောင်းဖွင့်ရာသီအမီ အမြန်ပြန်လည်တည်ဆောက်  ပြုပြင်နိုင်ရန်အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများက ထောက်ပံ့ကူညီ ဆောင်ရွက်ပေးခဲ့သည်။

အခွင့်အရေးမဆုံးရှုံး

မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးသွားသော ကျောင်း ၁၇ ကျောင်းကို ပြန်လည်ပြင်ဆင် တည်ဆောက်နေချိန်တွင် ကျောင်းသား ကျောင်းသူများနေထိုင်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများတွင် တစ်နေ့လျှင် နှစ်ကြိမ်ခွဲပြီး စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ မြောက်ဦးမြို့နယ်တွင် အခြေခံပညာကျောင်း ၁၆၈ ကျောင်းရှိသည့်အနက် ဇူလိုင်လ ၂၃ ရက်နေ့တွင် ၁၃၅ ကျောင်းကို ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့သည်။  ကျန်ရှိသော ကျောင်းများကို ဆက်လက်  ဆောင်ရွက်ခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းလွန်ကာလ အချိန်တိုအတွင်း ပြန်လည်တည်ဆောက်ပေးနိုင်သောကြောင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု အခွင့်အလမ်းများ မဆုံးရှုံးဘဲ နေ့စဉ်ကျောင်းတက် ပညာသင်ယူနိုင်ခဲ့ကြသည်။

အခက်အခဲဖြစ်

မြောက်ဦးမြို့နယ်တွင်  ဆေးရုံ၊ ဆေးခန်းရှစ်ခု၊ ကျေးလက်ကျန်းမာရေးဆေးခန်း ၂၀ စုစုပေါင်း ကျန်းမာရေးအဆောက်အအုံ ၂၈ ခု ပျက်စီးဆုံးရှုံးခဲ့သည်။ မြောက်ဦးမြို့နယ် တိုင်းရင်းဆေးကု ဌာနကလည်း မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား  ကျန်းမာရေး အသိပညာပေးခြင်း၊ တိုင်းရင်းဆေးဝါး များ လှူဒါန်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ သည်။ ကျန်းမာရေးဝန်ထမ်းများက ကုသပေးကြသည်။ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ရေအရင်းအမြစ်များ ဆုံးရှုံးပျက်စီးသွားခဲ့သည်။ မြို့နယ်အတွင်းရှိ တာအရှည်ပေ ၈၀၁၁၉ ပေ၊ ရေတွင်း လေးတွင်း၊ ရေကန် ၈၇ ကန် ပျက်စီးသွားခဲ့သည်။ ပြည်သူများ အားထားသောက်သုံးရာ ရေတွင်း၊ ရေကန်များ ပျက်စီးသွားသဖြင့် များစွာအခက် အခဲဖြစ်ကြရသည်။ 

မြောက်ဦးမြို့နယ်တွင် စေတီတော်နှစ်ဆူ၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိက အဆောက်အအုံ ၅၆၅ ခု ပျက်စီးဆုံးရှုံးခဲ့သည်။ မြောက်ဦးမြို့နယ်တွင် ရခိုင်ပြည်နယ်၏ ရှေးဟောင်းအမွေ အနှစ်တစ်ခုဖြစ်သည့် နန်းတော်ရာ ကုန်းအား မူလအခြေအနေအတိုင်း ပတ်ဝန်းကျင် သာယာလှပ‌စေရေးအတွက် မုန်တိုင်းလွန်သည့်ကာလမှစ၍ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျိုးကျနေ သော သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင် ရှင်းလင်းခြင်း၊ လမ်းပိတ်ဆို့နေသော သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားခြင်း၊ လမ်းဘေးချုံနွယ်အမှိုက်များကို ရှင်းလင်းခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ခဲ့ကြသည်။

အမြန်ဆုံးပြုပြင်

မြောက်ဦးမြို့နယ်အတွင်းရှိ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများလည်း မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၇၇၃ သန်းကျော်ရှိခဲ့သည်။ မြို့နယ်အတွင်းရှိ ဆန်စက် ၅၃ စက် ပျက်စီးသွားသည်။ မွေးမြူရေးလုပ်ငန်းများတွင် တိရစ္ဆာန် ကောင်ရေ ၄၉၁၈၂ ကောင် သေဆုံးခဲ့သည်။ ဆုံးရှုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့သည်။ မြောက်ဦးမြို့နယ်အတွင်း ဒေသခံပြည်သူများ သွားလာလုပ်ကိုင်  ဆက်သွယ်မှုအတွက် တည်ဆောက်ပေးထားသော လမ်း နှစ်လမ်းနှင့် တံတား လေးစင်း ပျက်စီးခဲ့သည်ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အမြန်ဆုံး ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လျှပ်စစ်မီးတိုင်များ၊ မီးကြိုးများ၊ ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံများ၊ လျှပ်စစ်တာဝါတိုင်များ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရာ မြောက်ဦးခရိုင်အတွင်း ရှိ လျှပ်စစ်အဆောက်အအုံနှင့် ပစ္စည်းများလည်း ပါဝင်ခဲ့သည်။ မြောက်ဦးမြို့နယ်တွင် လျှပ်စစ်တာဝါတိုင် နှစ်ခုနှင့် ဓာတ်တိုင် ၁၇၇ ခု ပြိုကျပျက်စီးသွားခဲ့သည်။ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်းပေါင်း ၆၀ ကျော်ရှိသည်။ အဆိုပါ လျှပ်စစ်ကဏ္ဍ ဆိုင်ရာ ပျက်စီးမှုများကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းလွန် ကာလတစ်လျှောက် နေ့စဉ်ပြန်လည် တည်ဆောက်ခဲ့ကြသည်။

ဝမ်းမြောက်ပျော်ရွှင် 

မြို့နယ်အတွင်း ပျက်စီးသွားသော လျှပ်စစ်ကွန်ရက်များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းများက နေ့မအားညမနား ပြန်လည်တည်ဆောက်ခဲ့ကြရာ မူလက လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်ရေးကို ဇွန်လကုန်မှသာ ရရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ဇွန်လ ၂၃ ရက်နေ့ နံနက်တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- မြောက်ဦးလိုင်းနှင့် ၆၆ ကေဗွီ မြောက်ဦး-မင်းပြားလိုင်းတို့ကို လျှပ်စစ်ဓာတ်အား ပြန်လည်ချိတ်ဆက်နိုင်ခဲ့သည်။ 

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်မြို့တို့ ရှိ လျှပ်စစ်မီးတိုင်များအားလုံး ပျက်စီးသွားခဲ့ပြီး မီးများပြတ်တောက်သွားခဲ့သည်။ ပြတ်တောက်သွားသော လျှပ်စစ်ပိုင်း ဆိုင်ရာတို့ကို ဝန်ထမ်းများက အင်တိုက် အားတိုက် ဆောင်ရွက်ခဲ့ကြသောကြောင့် ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၂၃ မိနစ်မှစ၍ မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများတွင် လျှပ်စစ်မီး ရာနှုန်းပြည့်ရရှိသဖြင့် ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်  ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။

ထိခိုက်မှုအနည်းဆုံး

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုနှင့်ပတ်သက်၍ မိုးလေဝသတင်းများကို အချိန်နှင့်တစ်ပြေးညီ အလေးထားပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ  ပူးပေါင်းဆောင်ရွက်မှုဖြင့် မုန်တိုင်းမကျရောက်မီ ကာလအတွင်း မြောက်ဦးမြို့နယ်အပါအဝင် မြို့နယ်များရှိ သဘာဝဘေးအန္တရာယ်ခိုလှုံရာ Shelter များသို့လည်းကောင်း၊ ဘေးလွတ်ရာများသို့ လည်းကောင်း အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးနိုင်ခဲ့သဖြင့် လူအသေအပျောက်နှင့် ထိခိုက်မှုနည်းပါးခဲ့သည်။ မြောက်ဦးမြို့နယ်တွင် လူအသေအပျောက်နှင့်ထိခိုက်မှုမရှိခဲ့ပါ။ ပျက်စီးဆုံးရှုံးမှုမှာလည်း အများဆုံးအဆင့်တွင် မပါဝင်ခဲ့သည်ကို တွေ့ရသည်။

ရိုင်းပင်းကူညီ

အလွန့်အလွန် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် အဖျက်စွမ်းအား ကြီးမားလှသဖြင့် မုန်တိုင်းဖြတ်သန်းရာ ဒေသများအားလုံး ထိခိုက်ပျက်စီးမှုနှင့်  သေဆုံးထိခိုက်မှု ကြီးမားမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး  အရေးပေါ်အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊  တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီ လုပ်ငန်းတာဝန်များနှင့်ပတ်သက်သည့် လမ်းညွှန်မှာကြားချက်များကို ထိထိ ရောက်ရောက် တက်တက်ကြွကြွ တက်ညီလက်ညီ  အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် ပြည်‌ထောင်စုဖွား ညီနောင်သားချင်း ရိုင်းပင်းကူညီသည့် မွန်မြတ်သည့်စိတ်ထားဖြင့် ဆောင်ရွက်နိုင်ခဲ့သောကြောင့် အသေအပျောက် ထိခိုက်မှု အနည်းဆုံးဖြင့် မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။     ။