မုံရွာမြို့၌ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကျင်းပ

မုံရွာ  ၁၅   မတ် 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ပြီးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကို မတ် ၁၅ ရက် နံနက်(၁၀)နာရီက မုံရွာမြို့အလယ်ရပ်ရှိ ချင်းတွင်းရတနာဈေး ပထမ ထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးအောင်ကိုဝင်းက အဖွင့်မိတ်ဆက်စကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ဒေါက်တာ လဝန်းရွှေက“ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် FDA ထောက်ခံချက်လက်မှတ်ရရှိရေး လုပ်ငန်းစဉ်များအား ” ပရိုဂျက်တာများဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ် က “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ (World Consumer Right Day) အကြောင်းနှင့် ပတ်သက်၍ နှစ်စဉ် မတ်လ ၁၅ ရက်နေ့ ရောက်တိုင်း မြန်မာတစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ကတော့ “စိတ်ချယုံကြည် ဒီဂျစ်တယ် ထုတ်ကုန်များဆီ ” “Trusted Smart Products” ဖြစ်ကြောင်းနှင့် စားသုံးသူအကာအကွယ်ပေးရေး အကြောင်း သိကောင်းစရာများကို” ပရိုဂျက်တာဖြင့် ပြသကာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူ ရေးရာ ဌာနခွဲ တာဝန်ခံ ဦးမောင်မောင်သိန်း က “စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)နှင့် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များက တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား” ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဈေးသူဈေးသားများ၏ သိရှိလိုသည့် မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)