မုဒုံမြို့နယ်၌ ပိန်းပန်းပင်များ စီးပွားဖြစ်စိုက်ပျိုးသူ များလာ

မုဒုံ           အောက်တိုဘာ          ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပိန်းပန်းပင်များကို စီးပွားဖြစ် စိုက်ပျိုးရောင်းချသူ များလာပြီး စျေးကွက်တွင် အရောင်းအဝယ်သွက်လာကြောင်း သိရသည်။

ပိန်းပန်းများကို ပွဲလမ်းသဘင်နှင့် အခမ်းအနားများ၌  တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း၊ ရေရှည်ခံခြင်းနှင့် အကြမ်းခံခြင်းကြောင့် စျေးကွက်တွင် နေရာရရှိလာခြင်းဖြစ်သည်။  ပိန်းပန်းပင် စတင်စိုက်ပျိုးရာတွင် ရေရှည်ခိုင်မာစေရန်အတွက် အုတ်တိုင်၊ ဝါးများဖြင့် စိုက်ထူအမိုးပြုလုပ်ခြင်း၊ အပင်၏ မြေခံအနေအထားနှင့် ပွားစာကို မီးသွေး၊ အုန်းဆံမှုန့်တို့အား အသုံးပြုပေးရပြီး အပင် အောက်ခြေတွင် ရေမဝပ်စေရန်အတွက် အုန်းခွံများထည့်သွင်းခြင်း၊ မြေဆွေးများ လျော့နည်းမသွားအောင် အထူးဂရုပြု စိုက်ပျိုးရကြောင်း သိရသည်။ စိုက်ပျိုးပြီး နှစ်လခန့် အကြာတွင် အပွင့်စထွက်လာကာ လေးလအကြာတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ ပန်းပင် ၅၀၀  စိုက်ပျိုးလျှင် ခန့်မှန်းကုန်ကျစရိတ် ၁၇ သိန်းခန့်ရှိပြီး စျေးကွက်တွင် ပန်းတစ်စီးလျှင် အကြီးအသေးပေါ် မူတည်၍ ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ရရှိကာ တစ်နှစ်လျှင် ငွေကျပ် သိန်း ၃၀ ခန့် အမြတ်ရရှိသည့်အပြင် ပန်းပင်းမျိုးများကိုလည်း ခွဲ၍ရောင်းချနိုင်ကြောင်း၊ စနစ်တကျ စိုက်ပျိုးပါက ရေရှည်ရောင်းချနိုင်ကြောင်း နိုင်လှုံကျေးရွာနေ ပိန်းပန်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပိန်းပန်းပင်များသည် အခြားပန်းပင်များကဲ့သို့ ဓာတ်မြေသြဇာသုံးစွဲရန် မလိုအပ်ဘဲ သဘာဝ မြေသြဇာ ကြက်ချေးတစ်မျိုးတည်းကိုသာ သုံးစွဲရသဖြင့် စိုက်ပျိုးစရိတ် သက်သာကာ ရာသီမရွေး စိုက်ပျိုးနိုင်သည့် ပန်းမျိုးဖြစ်ကြောင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးရန် သင့်တော်သည့် ပန်းမျိုးလည်းဖြစ်ကြောင်း သိရှိရသည်။

သားငယ်(ပြန်/ဆက်)