မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်တဲ့ ဂျီမင်း

၃၁ ဒီဇင်ဘာ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “BTS” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီမင်းဟာ လတ်တလောမှာတော့ သူ့ရဲ့အနုပညာခရီးမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဂျီမင်းရဲ့ တစ်ကိုယ်တော် တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Serendipity” ရဲ့ တေးဗီဒီယိုဟာ လတ်တလောမှာတော့ ကြည့်ရှုသူပရိသတ် သန်း ၈၀ ပြည့်ခဲ့ပြီဖြစ်ကြောင်း ကိုရီးယားဘိုးဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က စတင်ထုတ်လွှင့်ပေးခဲ့တဲ့ အဆိုပါတေးဗီဒီယိုဟာ ကြည့်ရှုသူပရိသတ် သန်း ၈၀ ပြည့်ခဲ့ပြီဖြစ်ကာ “BTS” အဖွဲ့ဝင်တွေအနက် ကြည့်ရှုသူအများဆုံး တစ်ကိုယ်တော်တေးဗီဒီယိုဖြစ်ခဲ့တယ် လို့လည်းသိရပါတယ်။ ဒီတေးဗီဒီယိုမှာတော့ ဂျီမင်းရဲ့ အဆိုစွမ်းရည်ကိုသာမက အကစွမ်းရည်ကိုပါ တွေ့မြင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့်