မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်အခါတော်နေ့ တို့တစ်တွေရင်မှာမွေ့ ထိန်းကြပါစို့မမေ့

ပြေအေးသက်

တပေါင်းသာခေါင် လများနောင်ဆိုသည့် ဆိုရိုးနှင့်အညီ မြန်မာလများတွင် တပေါင်းလသည် ၁၂ လမြောက်နောက်ဆုံးလဖြစ်ပြီး သာယာတင့်မောဖွယ်ရာလဟုဆိုကြသည်။ ဆောင်းအကုန် နွေအကူး မိန်ရာသီအစချိန်ကာလကလည်းဖြစ်ကာ ဆောင်းတစ်ဝက် နွေတစ်ဝက်လပင်ဖြစ်သည်။ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်းဟု ဆိုစမှတ်ပြုကြသည်။ လောကသဘာဝတစ်ခုလုံးသည် သစ်ပင်များ ရွက်ဟောင်းစွန့်၍ ရွက်သစ်လွန့်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ်လှနေသည်။ ရှင်ဥတ္တမကျော်သည် သူ၏တောလားကဗျာတွင် တပေါင်းလ၏ တင့်တယ်သာယာပုံကို “လေခမြေသက်၊ ဈာန်ဝိတက်သို့၊ သစ်ရွက်ရော်ယီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သော ပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား”ဟု ဖွဲ့ဆိုခဲ့သည်။

တောလုံးလင်းသည့် သည်ချိန်ခါ

ဂေါတမမြတ်စွာဘုရား၏ ဖွားဖက်တော်ကာဠု ဒါယီအမတ်သည် အခြွေအရံ ၁၀၀၀ နှင့်အတူ မြတ်စွာဘုရားရှင်အား ကပိလဝတ်ပြည်သို့ ကြွမြန်းရန် ၁၀ ကြိမ်မြောက်အဖြစ် ပင့်ဖိတ်လျှောက်ထားရန် ရောက်ရှိခဲ့ရာ မြတ်စွာဘုရားရှင်၏တရားနာယူရ၍ အားလုံးရဟန္တာ ဖြစ်သွားခဲ့ကြသည်။ ရှေးကလည်း အမတ်တစ်ဦးစီနှင့် မင်းချင်း ၁၀၀၀ စီဖြင့် ကိုးကြိမ် လာရောက်ပင့်လျှောက်ခဲ့ရာ ပင့်လျှောက်သူအားလုံးလည်း မြတ်စွာဘုရားရှင်၏ တရားတော်များနာကြားရ၍ ရဟန္တာများဖြစ်နှင့်ချေပြီဖြစ်သည်။ သို့သော်လည်း ကာဠုဒါယီရဟန်းမှာ မြတ်စွာဘုရားရှင်၏ ဖခမည်းတော်ကပိလဝတ်ပြည့်ရှင်မင်းကြီးက မြတ်စွာဘုရားရှင်ကို ပင့်ဖိတ်ခိုင်းသည့်ဝန်တာရှိနေကာ အချိန်အခါကိုကြည့်၍ ယခုလို တောလုံးလင်းသည့် တပေါင်းလ၏ သာယာသည့်ချိန်ခါကို ၆၄ ဂါထာဖြင့် မြတ်စွာဘုရားရှင်ကို ကပိလဝတ်ပြည်သို့ ကြွမြန်းရန် အချိန်တန်ပြီဖြစ်ကြောင်းကို လျှောက်ထားခဲ့သည်။

မထေရ်ကာဠုဒါယီ၏ ၆၄ ဂါထာ

ကာဠုဒါယီမထေရ်၏ မြတ်စွာဘုရားထံ လျှောက်ထားသည့် ဂါထာပထမပိုဒ်တွင် “အင်္ဂါရိနော ဒါနိဒုမာ ဘဒန္တေ၊ ဖလေသိနော ဆဒနံ ဝိပ္ပဟာသ၊ တေအစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ” ဟုဖြစ်ပါသည်။ သစ်ပင်အပေါင်းတို့သည် ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို စွန့်ပယ်သာထွေ ကြွေကျကုန်ကာ အသစ်ဖြစ်သောအသီးကို ရှာမှီးကုန်သကဲ့သို့ဖြစ်၍ မီးကျီးအသွေးနီထွေးသော ရွက်နုအပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။ထိုသစ်ပင် အပေါင်းတို့သည် ဥတုလှုံ့ဆောင်အရောင်ရှိကုန် သည်ဖြစ်၍သာလျှင် ပြောင်တဝင်းဝင်း ထွန်းလင်းတောက်ပကြသည်ဖြစ်ကုန်၏။ ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရားရှင်၏ ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်တလက်လက်ဖြင့် ထွက်သော ရောင်ခြည်တော်ရှိတော်မူသော မြတ်စွာဘုရားရှင်၏ ဖွားရပ်ဌာနီပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သောအချိန်ပါဘုရားဟု လျှောက်တင်ခဲ့သည်။

ဆက်လက်၍လည်း ဂါထာအလိုက် လျှောက်တင်ခဲ့ရာ ဂါထာ ၆ တွင် သီးကင်းရွက်နုတို့ဖြင့် တင့်တယ်ချိန်ဟုလည်းကောင်း၊ ဂါထာ ၁၃ တွင် မြေပြင်သည်လည်း ကုန်းကျင်းမရှိ ညီညွတ်သောအချိန်ဟုလည်းကောင်း၊ ဂါထာ ၂၁ တွင် အမြီးကိုထောင် အတောင်ကိုကော့ကာ ဥဒေါင်းတို့ မြူးရွှင်ချိန်ဟုလည်းကောင်း၊ ဂါထာ ၂၇ တွင် ခရီးသွားတို့ စိတ်နှလုံးမွေ့လျော်ရာ အချိန်ဟုလည်းကောင်း၊ ဂါထာ ၃၄ တွင် တစ်ယူဇနာ၌ ဆွမ်းခံရွာတို့လည်း ရှိပါကုန်၏ဟုလည်းကောင်း၊ ဂါထာ ၄၁ တွင် မိုးကောင်းကင်သည်လည်း သာယာတင့်တယ်သည်ဟုလည်းကောင်း၊ ဂါထာ ၄၆ တွင် လမ်းခရီး၌ စီးပွားဥစ္စာကြွယ်ဝသူတို့လည်း ရှိပါသည်ဟုလည်းကောင်း၊ ဂါထာ ၅၀ တွင် ကောင်းကင်နှင့် မြေပြင်သည် စင်ကြယ်သန့်ရှင်းသောအချိန်ဟု လည်းကောင်း၊ ဂါထာ ၅၄ တွင် ဆောင်းကိုလွန်မြောက် နွေဦးပေါက်ချိန်ဟုလည်းကောင်း၊ ဂါထာ ၅၆ တွင် ကပိလဝတ် မြို့၌ ခမည်းတော်၊ မယ်တော်နှင့် ဆွေတော်ရှစ်သောင်းတို့လည်း ရှိပါသည်ဟုလည်းကောင်း၊ ဂါထာ ၆၀ တွင် ဘုရားရှင်ကိုပင့်ရန် ၁၀ ကြိမ်တိုင် အမတ်တို့စေလွှတ်ခဲ့ပါပြီဟုလည်းကောင်း၊ ဂါထာ ၆၂ တွင် ခမည်းတော်တို့အား အားရနှစ်သိမ့်စေတော်မူသည်ဟုလည်းကောင်း လျှောက်တင်တော်မူသည်။

ယင်းနောက် နောက်ဆုံးဂါထာဖြစ်သည့် ဂါထာ ၆၄ တွင် “နာတိသီတံ နာတိဥဏံ၊ နာတိ ဒဗ္ဘိက္ခ ဆာတကံ၊ သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသကာလော၊ မဟာမုနိ”ကို လျှောက်တင်သည်။ ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားဆောင်းနှောင်းနွေဦး အခါထူးသည် အေးလည်းမအေးလွန်းလှပါ။ ပူလည်းမပူလွန်းလှပါ။ ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ် ရှားခေါင်းပါးခြင်း၊ ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါ၏ဘုရား။ မြေအပြင်သည်လည်း နေစာမြက်ညွန့်ရှိသည်ဖြစ်၍ မြအရောင်သန်းစိမ်းလန်းစိုပြည်လှပါသည်ဘုရား။ ဆောင်းနှောင်းနွေဦး အခါထူးသည် ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရားဟု လျှောက်ထားခဲ့ရာ မြတ်စွာဘုရားအနေဖြင့် ဤခရီးတွင် သတ္တဝါအများ ကျွတ်လွတ်ကြရန် မြင်ခဲ့လေသည်။

ရာဇဂြိုဟ်မှ ကပိလဝတ်သို့ အတုရိသာဒေသစာရီ

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့် ကျော် ၁ ရက်နေ့သည် ဂေါတမမြတ်စွာဘုရားရှင် ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးရှိရာ ကပိလဝတ်ပြည်ကို ကြွချီရန်အတွက် ရာဇဂြိုဟ်မှ ရဟန္တာ တစ်သောင်းနှင့် ကပိလဝတ်ပြည်မှ ရဟန္တာတစ်သောင်းတို့ ခြံရံလျက်မနှေးမမြန်သော အတုရိသာဒေသစာရီကြွချီရန် ခရီးစတင်သည့်နေ့ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ ကျေးငှက်သာရကာများနှင့် တောတွင်းသားရဲတိရစ္ဆာန်တို့သည်လည်း မြတ်စွာဘုရားတို့ ကြွချီရာလမ်းတွင် ပူဇော်နေကြသလို မြို့ရွာနိဂုံးများရှိ လူအများကလည်း ဆွမ်းခဲဖွယ်ဘောဇဉ် သစ်သီးစားစရာများဖြင့် ပူဇော် လှူဒါန်းကြသည်။ မြတ်စွာဘုရားကလည်း တရားဒေသနာများဖြင့် ချီးမြှောက်တော်မူသည်။ ထိုမြို့နှစ်ခုခရီးအကွာအဝေးမှာ ယူဇနာ ၆၀ ရှိရာ မြတ်စွာဘုရားရှင်သည် တစ်နေ့လျှင် တစ်ယူဇနာသာ ကြွချီခဲ့သဖြင့် နှစ်လတာမျှကြွချီခဲ့ရရာ မဟာသက္ကရာဇ် ၁၀၄ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့တွင်ရောက်ရှိသဖြင့် ဘုရားအဖြစ်ရောက်ရှိသည့် တစ်နှစ်ပြည့်သည့်နေ့ ကျော်ခါစအချိန်ပင် ဖြစ်ပေသည်။

ကာဠုဒါယီရဟန်း၏ ကောင်းကင်ခရီး

မြတ်စွာဘုရားရှင် စတင်ကြွချီသည်နှင့် ရဟန္တာကာဠုဒါယီသည်လည်း တန်ခိုးတော်ဖြင့် ကောင်းကင်ခရီးမှကြွကာ သုဒ္ဓေါဒနမင်းကြီး၏ နန်းပြာသာဒ်အထက်ကောင်းကင်တွင် ရပ်တန့်နေသည်ကို မင်းကြီးကမြင်သော် တစ်ခါမျှမမြင်ဖူးသဖြင့် နတ်၊ ဗြဟ္မာ၊ နဂါး၊ ဂဠုန်၊ ဂုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗလော အဘယ်သူနည်းဟုမေးရာ ရဟန်းက ဘုရားရှင်၏ သားတော်ဖြစ်ပြီး မင်းကြီးသည် အဘိုးတော်သည်ဟု ဖြေရာမှ ရဟန်းမှာ ကာဠုဒါယီမှန်းသိ၍ ပလ္လင်ထက်တွင်ထားကာ ဆွမ်းကပ်လှူဒါန်းသည်။ မြတ်စွာဘုရားရှင်ကိုမေးရာ ဖခမည်းတော်ဘုရင်နှင့်တွေ့ရန် ရဟန္တာနှစ်သောင်းခြံရံလျက် ကြွချီလာပြီကိုသိရ၍ ဝမ်းသာအားရစွာဖြင့် မြတ်စွာဘုရားရှင်အတွက်လည်း ဆွမ်းလှူဒါန်းလိုက်သည့်အပြင် နေ့စဉ်ဆွမ်း အလှူခံရန်ပင့်ဖိတ်သဖြင့် နေ့စဉ်ကောင်းကင်မှ ဆွမ်းအလှူခံရသလို မြတ်စွာဘုရားရှင်အတွက်လည်း နေ့စဉ်ဆွမ်းလှူဒါန်းသည်။ ဘုရားရှင်ကလည်း ခမည်းတော်မင်းကြီးလှူဒါန်းသည့် ဆွမ်းကို လမ်းခရီးအကြား နေ့စဉ်ဘုဉ်းပေးကာ ကပိလဝတ်ပြည်သို့ရောက်ပြီးသည့် နောက်နေ့မှစ၍ မြို့တွင်းလမ်းများတွင် ဆွမ်းခံထွက်တော်မူသည်။

ဘုရားမျိုးနွယ်

မင်းကြီးလည်း ဆွမ်းခံထွက်သည့်ကိစ္စနှင့် ပတ်သက်၍ မင်းမျိုးမင်းနွယ်ဖြစ်၍ တောင်းခံစားရိုး ထုံးစံမရှိဟု လျှောက်ထားရာ ဘုရားရှင်က ရှေးအစဉ်အဆက် ဘုရားမျိုးနွယ်ဖြစ်၍ ဤသို့ ဆွမ်းခံရကြောင်းကို ဂါထာနှစ်ပုဒ်ဖြင့် ဟောကြားတော်မူသည်။ “ဥတ္တိတေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ၊ ဓမ္မစာရီ သုခံတေသိ၊ အသ္မိံ လောကေ ပရမှီစ” ဟု ဟောကြားအပြီးတွင် မင်းကြီးသည်လည်း သောတပတ္တိဖိုလ်၌ တည်သည်။ ဒုတိယဂါထာ ဖြစ်သော “ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ၊ ဓမ္မစာရီ သုခံ တေသိ၊ အသ္မိံ လောကေ ပရမှီ စ” ကို ထပ်မံဟောကြားရာ မင်းကြီးသည် သကဒါဂါမိဖိုလ်နှင့် မိထွေးတော်ဂေါတမီသည် သောတာပတ္တိဖိုလ် တည်ကြလေသည်။

ထို့နောက် မြတ်စွာဘုရားရှင်အမှူးပြုသော သံဃာတော်အပေါင်းကို နန်းတော်သို့ပင့်၍ မင်းကြီးက ဆွမ်းကပ်လေသည်။ ဆွမ်းဘုဉ်းပေးပြီးနောက် မြတ်စွာဘုရားရှင်သည် ဘုရင်နှင့်တကွ မင်းပရိသတ်ကို ဓမ္မပါလတရားဟောကြားတော်မူရာ မင်းကြီးနှင့်တကွ ပရိသတ်အားလုံး အနာဂါမိဖိုလ်၌ တည်ကုန်ကြသည်။

ယသောဓရာ၊ ရာဟုလာနှင့် လောကုတ္တရာအမွေ

မြတ်စွာဘုရားရှင်သည် ရာဟုလမာတာ ယသောဓရာ၏ပြာသာဒ်ဆီသို့ ကိုယ်တော်တိုင် ကြွတော်မူသည်။ ယသောဓရာလည်း ဘုရားရှင်ကို ဖူးမြော်ရ၍ သောကမီးများ ငြိမ်းအေးစေပြီးနောက် ဘုရားရှင်သည် စန္ဒကိန္နရီဇာတ်ကို ဟောတော်မူသည်။ ၎င်းနောက် ဘုရားရှင်သည် နိဂြောဓာရုံ ကျောင်းတော်သို့ ပြန်ကြွလေရာ ယသောဓရာသည် သားတော်ရာဟုလာအား ဖခမည်းတော် ဘုရားရှင်ထံ တွင် ဖွားတော်မူစဉ်က ပေါ်ပေါက်ခဲ့သော ရွှေအိုးကြီးများကို အမွေတောင်းရန် စေလွှတ်လိုက်လေသည်။ ရာဟုလာသည် မြတ်စွာဘုရားရှင်ထံသို့ ရောက်သောအခါ မြတ်စွာဘုရားက လောကီအမွေထက် မြတ်သောလောကုတ္တရာအမွေကိုပေးရန် ရှင်မဟာမောဂ္ဂလာန်ကိုခေါ်၍ ဆံရိတ်စေသည်။ ထို့နောက် ရှင်သာရိပုတ္တရာအား သရဏဂုံပေးစေလျက်၊ ရှင်မဟာကဿပကို ဩဝါဒဆရာပြုစေကာ သာသနာ့ဘောင်သို့ သွတ်သွင်းတော်မူသည်။ ထိုအချိန်တွင် ရှင်ရာဟုလာမှာ အသက်ခုနစ်နှစ်မျှသာ ရှိသေးသည်။

ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့

ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဆွေတော်မျိုးတော်တို့၏ မာန်မာနကို နုတ်ပယ်သောငှာ ရေမီးအစုံစုံ ယမက ပြာဋိဟာတန်ခိုးပြ၍ ပေါက္ခရဝဿမိုးကြီး ရွာသွန်းစေခဲ့သည်။ အရှင်သာရိပုတ္တရာလျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာ ဟောကြားတော်မူသည်။ ဂါထာ ၁၀ဝ၀ ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ်တည်ခဲ့သည်။ မိထွေးတော်ဂေါတမီကိုလည်း သောတာပန်တည်စေသည်။ ယသောဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း မြတ်စွာဘုရားရှင်က ဟောတော်မူခဲ့သည်။ ညီတော် နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။ သားတော်ရာဟုလာ သာမဏေဘဝသို့ ရောက်ရှိသည်။ သာကီဝင်မင်းသားတစ်ထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

ပြည်တော်ဝင်သည့်အခါတော်နေ့

ဂေါတမမြတ်စွာဘုရားရှင် ကပိလဝတ်ပြည်သို့ ပြန်လည်ဝင်ရောက်တော်မူသည့် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်ဝင်ရန် ကာဠုဒါယီမထေရ်က လျှောက်ထားသည့်နေ့ဖြစ်သဖြင့် ထိုနေ့ကို မြတ်ဗုဒ္ဓ၏ ပြည်တော်ဝင်အခါတော်နေ့အဖြစ် သတ်မှတ်ထား ကြသည်။ မြန်မာနိုင်ငံတွင်လည်း ထိုနေ့တွင်ပင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး၊ တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းက ဆိုသည်။ ဤနေ့ ဤအခါသမယသည် မြတ်စွာဘုရားရှင်က အမိအဘဆွေမျိုးများနှင့် မွေးဖွားရာဇာတိမြေကို ကျေးဇူးတုံ့ပြန်အပ်သည့် မြတ်ဓလေ့တစ်ခုကို လမ်းညွှန်ပြသသည့်အပြင် လူမှုအဖွဲ့အစည်းတစ်ခုအတွင်း မြတ်ဓမ္မတရားများ ပြန့်ပွားရေးအတွက် ဆောင်ကြဉ်းတော်မူခဲ့သည့် ပြည်တော်ဝင်အခါ တော်နေ့ကို နှစ်စဉ်အလေးဂရုပြုရမည်ဖြစ်သည်။ မြန်မာပြည်သူ ပြည်သားအပေါင်းတို့သည်လည်း ဤနေ့ ဤရက်မှစ၍ မြတ်ဗုဒ္ဓအားရည်မှန်း၍ လောကီနှင့် လောကုတ္တရာအကျိုးတို့ တိုးပွားစေခြင်း အလို့ငှာ အားထုတ်ကြိုးပမ်းသင့်ပါကြောင်း ရေးသားအပ်ပါသည်။     ။

ကိုးကား

၁။ မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် တတိယတွဲ

၂။ အရှင်သြဒါတသိရီဘိဝံသ၏ အနှစ်ချုပ် ဗုဒ္ဓဘာသာ

၃။ မောင်ထင်၏ မြန်မာ့ဆယ့်နှစ်လအကြောင်း