ဤမြေကမ္ဘာတွင် နေထိုင်သည့် လူသားတစ်ဦးပင်ဖြစ်သော်လည်း ဘဝကံကြမ္မာ အကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများရှိကြသည်။ လူလူချင်းဖြစ်သော်လည်း ဘဝအကျိုးပေးကြောင့် ချို့ယွင်း အားနည်းသူများကို စာနာထောက်ထားဖေးမကူညီမှုများ ပြုလုပ်ပေးကြရမည်ဖြစ်သလို မသန်သော်လည်း စွမ်းဆောင်ရည် ပြည့်ဝသည့် လူသားတစ်ဦးအဖြစ် အားပေးကူညီပေးပြီး အများတန်းတူ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
မသန်စွမ်းသူများတွင် မွေးရာပါချို့ယွင်း အားနည်းကြသူများရှိသလို ဘဝခရီးတစ်လျှောက်တွင် အကြောင်းအမျိုးမျိုးဖြင့် ကိုယ်လက်အင်္ဂါများ ထိခိုက်ပျက်စီးဆုံးရှုံး ကြရသူများလည်းရှိသည်။ ကိုယ်လက်အင်္ဂါများနှင့် အာရုံငါးပါး ပျက်စီးဆုံးရှုံးရသူများအပြင် ပန်းနာရင်ကျပ်၊ ဝက်ရူးပြန်၊ အဆစ်အမျက်ရောင်နှင့် နာတာရှည်ပင်ပန်း နွမ်းနယ်မှုစသည့် ရောဂါဝေဒနာရှင်များကိုလည်း မသန်စွမ်းသူများဟု ခေါ်ဆိုနိုင်သည်။ လောကသင်္ခါရသဘောအရ အသက်အရွယ် ကြီးရင့်လာသဖြင့် အိုခြင်း၊ နာခြင်း ခံစားနေရသူများကိုလည်း မသန်စွမ်းသူများဟု ဆိုနိုင်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့် (လူဦးရေ တစ်ဘီလီယံကျော်ခန့်) သည် မသန်စွမ်းမှုပုံစံ တစ်မျိုးမျိုးဖြင့် ရပ်တည်နေထိုင်ကြရသည်ဟု ဆိုထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သော မသန်စွမ်းမှုဆိုင်ရာ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်သည် ကိုယ်အင်္ဂါချို့ယွင်းသည့် မသန်စွမ်းမှု တစ်မျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်း(လူ ၅၉ သိန်းကျော်)သည် မသန်စွမ်းသူများ ဖြစ်နေကြသည်။ ၂၀၁၆ ခုနှစ် လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ကလေးသူငယ် နှစ်သိန်းသုံးသောင်းခန့်ရှိပြီး ကလေးသုံးဦးတွင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ဘဲ ၃၆ ရာခိုင်နှုန်းခန့်သာ စာရေးစာဖတ် နိုင်ကြောင်းသိရသည်။ ထို့ကြောင့် နိုင်ငံများ၏ အနာဂတ်အတွက် မသန်စွမ်းသူများအရေးကို ပိုမိုအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
ကုလသမဂ္ဂအထွေထွေညီလာခံမှ မသန်စွမ်းသူများဆိုင်ရာ ကမ္ဘာ့လုပ်ငန်းစဉ်တွင် မသန်စွမ်းသူများကို ကြိုတင်ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အပြည့်အဝပါဝင်ခွင့်နှင့် တန်းတူရပိုင်ခွင့်တို့ကို တိုးမြှင့်ရန်အတွက် မသန်စွမ်းရပိုင်ခွင့် နည်းဗျူဟာတစ်ရပ်ကို ၁၉၈၂ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပထမဆုံးချမှတ်ခဲ့သည်။ ၁၉၉၂ ခုနှစ် (၄၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အရ နည်းဗျူဟာချမှတ်ခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အဖြစ် အတည်ပြုသတ်မှတ်ခဲ့ပြီး လူ့အဖွဲ့အစည်းတိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင် မသန်စွမ်းသူများအတွက် ချမ်းသာမှုအခွင့်အရေးများကို မြှင့်တင်ပေးရန်ဆိုသည့် ရည်ရွယ်ချက် ထားရှိဆောင်ရွက်လျက်ရှိသည်။
ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း ၁၇၅ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးကာ မသန်စွမ်းသူများအရေးကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မသန်စွမ်းသူများဘဝကို မြှင့်တင်ဆောင်ရွက်ရာ၌ ခွဲခြားဆက်ဆံမှု ခံစားကြရခြင်းသည် အဓိကရင်ဆိုင်ကြုံတွေ့နေရသော အတားအဆီးဖြစ်သည်။ မသန်စွမ်းသူများ တန်းတူညီမျှအခွင့် အရေးများ၊ ပူးပေါင်းလုပ်ဆောင်နိုင်ခွင့် အခွင့်အလမ်းများစသည့် အခြေအနေများသည် မသန်စွမ်းသူများအတွက် သန်စွမ်းသူများ လက်တွေ့ကျကျဖြေရှင်းပေးရမည့် စိန်ခေါ်မှုများဖြစ်သည်။
မသန်စွမ်းသူတို့သည် မသန်သော်လည်း စွမ်းနိုင်ပါသည်ဆိုသည့် စိတ်ဓာတ်ခွန်အား မြင့်မားသည့်လူသားထဲမှ လူသားတစ်ဦး၏ ကြီးမားသောခံယူချက် ပိုင်ဆိုင်သူဖြစ်သည်။ မသန်မစွမ်းဟူသော သိမ်ငယ်စိတ်များ ချိုးနှိမ်ထားသည့် အနေအထားများကိုဖယ်ရှားကာ မသန်သော်လည်းစွမ်းသည့် စွမ်းဆောင်ရှင်များဖြစ်သည်ဟု ဂုဏ်ပြုကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှ အပြည့်အဝ ရရှိစေရန်နှင့် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အားကစား၊ အနုပညာစသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် သန်စွမ်းသူများနှင့်အတူ မသန်စွမ်းသူများ တန်းတူပေါင်းစည်း ဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော်လျက်ရှိသည်။
သို့ဖြစ်ရာ မသန်လည်းစွမ်း၊ သန်လည်းစွမ်း တန်းတူအခွင့်အရေးနှင့် စွမ်းဆောင် နိုင်မှုများသည် နိုင်ငံနှင့်လူမျိုးကို ထိရောက်စွာ သယ်ပိုးထမ်းဆောင်နိုင်သည်ဖြစ်ရာ ကုလသမဂ္ဂပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံ၌ ချမှတ်ထားသော ဥပဒေအခွင့်အရေး များနှင့်အညီ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်ကြစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။
ကြေးမုံ