ဆက်လက်ဝဲ(MDevS)

 

ကမ္ဘာဦးအစ လူသားတို့သမိုင်း တစ်လျှောက်တွင် ကာယ၊ ဉာဏ စွမ်းရည်ချင်း မတူညီကြသော်လည်း မွေးရာပါလူသားဂုဏ်သိက္ခာနှင့် အခွင့် အရေးများမှာမူ တန်းတူညီမျှရှိကြသည်ဟူသော အမှန်တရားကို ခေတ်မီကမ္ဘာကြီးက လက်ခံကျင့်သုံးလျက်ရှိပါသည်။

 

သို့သော်လည်း ကမ္ဘာ့လူဦးရေ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မသန်စွမ်းသူများသည် ယနေ့ထက်တိုင် လူ့အဖွဲ့အစည်းအချို့တွင် ကာယပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများအပြင် လူသားတို့၏ ခွဲခြားဆက်ဆံမှု၊ နှိမ့်ချဆက်ဆံမှုနှင့် လှောင်ပြောင်သရော်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် အနုပညာဖန်တီးမှုအချို့နှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မသန်စွမ်းမှုကို ရယ်စရာအဖြစ် သရုပ်ဆောင်ပြခြင်း၊ လှောင်ပြောင်ခြင်းတို့သည် ယဉ်ကျေးသောအဖွဲ့အစည်း တစ်ခုအတွက် လွန်စွာရင်နာဖွယ်ကောင်းသော၊ လူ့အခွင့်အရေးဆိုင်ရာ ဆုတ်ယုတ်မှုတစ်ခုအဖြစ် မြင်တွေ့နေရပါသည်။

 

ဘာသာတရားအဆုံးအမများ

 

ကမ္ဘာ့ဘာသာကြီး အသီးသီးတွင် လူလူချင်း အထင်အမြင်သေး နှိမ့်ချဆက်ဆံမှုမပြုရန်၊ ကိုယ်ချင်းစာတရား ထားရှိရန်နှင့် မေတ္တာတရားကိုအရင်းခံရန် ပြဋ္ဌာန်းထားသော အဆုံးအမများ ရှိပါသည်။ မြန်မာနိုင်ငံတွင် အများစုက ဗုဒ္ဓဘာသာကိုးကွယ်ကြ၍ ဦးစွာ ဗုဒ္ဓဘာသာ၏ အဆုံးအမကို ဖော်ပြလိုပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက အနိဋ္ဌာရုံကို ရှောင်ကြဉ်ခြင်းနှင့်ပတ်သက်၍ “မိမိကိုယ်ကို ချစ်မြတ်နိုးသကဲ့သို့ သူတစ်ပါးကိုလည်း ချစ်မြတ်နိုးရန်၊ မိမိ၏အလိုဆန္ဒ နှင့်နှိုင်းယှဉ်ကာ သူတစ်ပါးအား ဒုက္ခပေး ခြင်းနှင့် နှိမ့်ချဆက်ဆံခြင်းမပြုရန်i” လမ်းညွှန်ထားပါသည်။ ကိုယ်ချင်းစာ တရား၏အရင်းခံမှာ မေတ္တာတရားဖြစ်ပြီး ဗုဒ္ဓဘာသာကောင်းတစ်ယောက်၏ ကျင့်စဉ်များတွင် မေတ္တာ၊ ကရုဏာ (သနားကြင်နာခြင်း)၊ မုဒိတာ (သူတစ်ပါးကောင်းစားသည်ကို ဝမ်းမြောက်ခြင်း) တို့ကို လက်ကိုင်ပြုရန် ဟောကြားထားပါသည်။

 

 

ခရစ်ယာန်ဘာသာတွင်လည်း “သူတစ်ပါးသည် မိမိအားပြုစေလိုသည်အတိုင်း သူတစ်ပါးအား ထိုနည်းအတိုင်း ပြုကြလော့ii” ဟု ကျမ်းစာတွင်ပါရှိသည်iii။ မေတ္တာတရားနှင့်ပတ်သက်၍ “ထို့ကြောင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာတရား ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ထိုအထဲတွင် မေတ္တာတရားသည် အမြတ်ဆုံးဖြစ်၏iv ဟု ဖော်ပြထားရာ လူသားအားလုံးအပေါ် မေတ္တာထားရန် အလေးပေးထားပါသည်။

 

 

အစ္စလာမ်ဘာသာတွင် ညီတူညီမျှ ဆက်ဆံခြင်းနှင့်ပတ်သက်၍ “လူသားတိုင်းသည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားသော သတ္တဝါများဖြစ်၍ အနွယ်၊ အရောင်အသွေး၊ အဆင့်အတန်းခွဲခြားကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှိမ့်ချခွင့်မရှိပေ” ဟု ဆုံးမထားသည်v။ ကိုယ်ချင်းစာတရားနှင့်ပတ်သက်၍ “သင်တို့တွင် မည်သူတစ်ဦးတစ်ယောက်မျှ မိမိအတွက် နှစ်သက်ချစ်ခင်သောအရာကို မိမိ၏ညီအစ်ကို (လူသားချင်း) အတွက်ပါ မနှစ်သက်သရွေ့ (မလိုလား သရွေ့) စစ်မှန်သောယုံကြည်သူ မဖြစ်နိုင်ပေ” ဟု တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ) က ဟောကြားခဲ့သည်vi

 

 

ဟိန္ဒူဘာသာတွင် အဟိံသ (အကြမ်းမဖက်ခြင်း) နှင့် မေတ္တာကို “သက်ရှိအားလုံးအပေါ် မေတ္တာထားရန်နှင့်အကြမ်းမဖက်သော အဟိံသဝါဒကို ကျင့်သုံးခြင်းဖြင့် လူလူချင်း နှိမ့်ချဆက်ဆံမှုများ ကင်းဝေးစေရန် သင်ကြားပေးသည်vii”။ ကရမ (Karma) အရ “မိမိက သူတစ်ပါးအပေါ် မည်ကဲ့သို့ဆက်ဆံသည်၊ ထိုသို့ဆက်ဆံမှုအတိုင်း မိမိထံသို့ပြန်လည် သက်ရောက်တတ်သည်ကို သိရှိနားလည်ပြီး ကိုယ်ချင်းစာတရားဖြင့် နေထိုင်ရန် လမ်းညွှန်ထားပါသည်”viii

 

 

အမြစ်တွယ်နေသော အတွေးအခေါ် အမှားများနှင့် မသိနားမလည်မှုများ

 

 

လူ့အဖွဲ့အစည်းအတွင်း ဘာသာတရား၏ အဆုံးအမများဖြင့် ကျင့်ကြံနေထိုင်သူများရှိသလို မသန်စွမ်းသူများကို ရယ်စရာအဖြစ် ရှုမြင်သူများလည်း ရှိပါသည်။ ယင်းသို့ရှုမြင်ကြခြင်း၏ အဓိကအကြောင်းရင်းမှာ အသိပညာ ဗဟုသုတနည်းပါးခြင်းနှင့် ကိုယ်ချင်းစာ တရားကင်းမဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ရှေးရိုးစွဲအယူအဆအချို့တွင် မသန်စွမ်းမှုကို အတိတ်ဘဝက ကံကြမ္မာဆိုးကြောင့် ဖြစ်ရသည်ဟူသော အမြင်မှားများဖြင့် ရှုမြင်ကြပြီး ၎င်းတို့၏ မတူညီသောခန္ဓာ ကိုယ်လှုပ်ရှားမှု သို့မဟုတ် စကားပြောဆိုမှုများကို ထူးဆန်းသောအရာတစ်ခုအဖြစ် လှောင်ပြောင်တတ်ကြပါသည်။

 

 

မသန်စွမ်းမှု (Disability) ဆိုသည်မှာ ရောဂါဝေဒနာတစ်ခု သို့မဟုတ် လူတစ်ဦး ၏ အားနည်းချက်သက်သက်မဟုတ်ဘဲ ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် ပတ်ဝန်းကျင်ရှိ အတားအဆီးများ (Physical and Social Barriers) ပေါင်းစပ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေတစ်ခုမျှ သာဖြစ်ကြောင်းကို နားမလည်ကြခြင်း ဖြစ်သည်။

 

 

မီဒီယာနှင့် အနုပညာ၏ လွဲမှားသောအသုံးချမှု

 

 

လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် ပြည်တွင်း၊ ပြည်ပ အနုပညာဖန်တီးမှုအချို့ (အထူးသဖြင့် ဟာသပြဇာတ်များ၊ ရုပ်ရှင်ဗီဒီယိုများနှင့် လူရွှင်တော်အချို့၏ ပြက်လုံးများ) တွင် စကားထစ်ခြင်း၊ မျက်စိမမြင်ခြင်း၊ ခြေလက်မသန်စွမ်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှေးကွေးခြင်းတို့ကို ရယ်စရာများအဖြစ် အသုံးချခဲ့ကြသည်။ ဤသို့ အလွယ်တကူ ဟာသလုပ်ကွက်အဖြစ် အသုံးချခြင်းသည် လူထုကြားတွင် “မသန်စွမ်းသူများကို လှောင်ပြောင်လျှင် ရယ်စရာဖြစ်သည်” ဟူသောအတွေးမှားကို စွဲထင်သွားစေပါသည်။

 

 

မျက်မှောက်ခေတ် ဒစ်ဂျစ်တယ်ခေတ် သို့ရောက်ရှိလာသောအခါ လူမှုကွန်ရက်များဖြစ်သည့် TikTok, Facebook နှင့် YouTube တို့ပေါ်တွင် မိမိ၏ Page ကို လူကြည့်များရန်နှင့် အကြိုက်များရန်အတွက် မသန်စွမ်းသူများ၏အမူအရာကို အတုခိုး၍ ရယ်စရာလုပ်ကာ ဗီဒီယိုအတိုများ ဖန်တီးလာကြသည်ကို မကြာခဏ တွေ့မြင်ရပါသည်။ ဤသည်မှာ ခေတ်မီသော်လည်း စိတ်ဓာတ်မမီသော လူငယ်အချို့၏ ဥပဒေနှင့်ငြိစွန်းသော ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များပင်ဖြစ်ပါသည်။

 

 

လှောင်ပြောင်ခြင်း၏ ဆိုးကျိုးများနှင့် စိတ်ဒဏ်ရာများ

 

 

အများက ရယ်စရာအဖြစ် သဘောထားကာ စနောက်လိုက်သော စကားတစ်ခွန်း၊ အမူအရာတစ်ခုသည် မသန်စွမ်းသူတစ်ဦးနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် “တစ်သက်စာ မေ့ဖျောက်၍မရနိုင်သော စိတ်ဒဏ်ရာ” ကို ဖြစ်ပေါ်စေပါသည်။ မိမိကိုယ်ကို ယုံကြည်မှုပျက်စီးစေပြီး လူ့အဖွဲ့အစည်းအတွင်းသို့ဝင်ဆံ့ရန် ကြောက်ရွံ့လာစေကာ စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းတို့ကို ခံစားရစေ ပါသည်။ အဆိုးဆုံးမှာ ထိုသို့လှောင်ပြောင်ခြင်းက ၎င်းတို့အား တန်းတူအခွင့်အရေးရှိသော လူသားတစ်ဦးဖြစ် မရှုမြင်တော့ဘဲ “အောက်ကျနောက်ကျဖြစ်နေ သူများ” အဖြစ် ပတ်ဝန်းကျင်က သတ်မှတ်လိုက်ခြင်းပင်ဖြစ်ပါသည်။

 

 

ဥပဒေကြောင်းအရ အကာအကွယ်ပေးထားမှုများ

 

 

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် “မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်မှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ-၂ ဦးဆောင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၆ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ပါသည်။

 

 

ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စောင့်ကြည့်ပြီး ကြီးကြပ်နိုင်ရေးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဆက်သွယ်ခြင်းအတွက် ဗဟိုဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့်အပြင် မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇ ခုနှစ်) ကို ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါသည်။

 

 

လူမှုရေးဒုက္ခခံစားရန် အလားအလာရှိသူများအား ပြန်လည်ထူထောင်ရေး ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းများကို လိုအပ်ချက်များနှင့်အညီ ကူညီစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ၃၀-၁-၂၀၁၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ပြန်လည်ထူထောင်ရေးဦးစီးဌာနသည် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဥပဒေများနှင့်အညီ အဓိကတာဝန်ရှိအဖွဲ့အစည်းအဖြစ် တာဝန်ယူအကောင်အထည်ဖော်လျက်ရှိပါသည်။

 

 

“မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ပုဒ်မ ၄၅ အရ ၂၂-၃-၂၀၁၈ ရက် နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်သည် အမျိုးသားကော်မတီက ညှိနှိုင်းသတ်မှတ်ပေးသော လုပ်ငန်းတာဝန်များနှင့် အသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတို့နှင့်အညီ “မြန်မာနိုင်ငံသား မသန်စွမ်းသူတိုင်း လူ့အသိုင်းအဝိုင်းအတွင်းတွင် ဂုဏ်သိက္ခာရှိစွာဖြင့် အများနည်းတူ ရပ်တည်ပါဝင်နိုင်စေရန်” အနာဂတ်မျှော်မှန်းချက်ချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိပါသည်။

 

 

“မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ” ပုဒ်မ ၇၇ တွင် “(က) မသန်စွမ်းသူများအား မသန်စွမ်းမှုကို အကြောင်းပြု၍ သိလျက်နှင့် တမင်ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း၊ နှိမ့်ချခြင်းမပြုရ။ (ခ) မသန်စွမ်းသူများအား နိုင်ထက်စီးနင်း အကြမ်းဖက်ခြင်း၊ တလွဲအသုံးပြုခြင်း၊ အဓမ္မအလုပ်ခိုင်းခြင်းမပြုရ။ (ဂ) မသန်စွမ်းသူများအား တလွဲအသုံးပြု၍ မည်သည့်အကြောင်းနှင့်မျှ ကိုယ်ကျိုးစီးပွားမရှာရ” ဟု တားမြစ်ထားပါသည်။

 

ပုဒ်မ ၈၂ တွင် အထက်ပါ “ပုဒ်မ ၇၇ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

 

 

ထို့ကြောင့် ဥပဒေအရ မသန်စွမ်းသူများကို လူသိရှင်ကြားကဲ့ရဲ့ရှုတ်ချခြင်း၊ နှိမ့်ချဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံခြင်းများက ပြစ်မှုမြောက်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ကြောင်း အများပြည်သူသိရှိရန် လိုအပ်လှပါသည်။ ဥပဒေစိုးမိုးရေးသည်သာမက လူသားချင်း စာနာထောက်ထားမှုသည်လည်း ပဓာနကျပါသည်။

 

 

အသိပညာပေးမှုများဖြင့် ပပျောက်အောင် မည်သို့လုပ်ဆောင်ကြမည်နည်း။

 

 

မသန်စွမ်းသူများကို လှောင်ပြောင်ခြင်းဟူသော ယဉ်ကျေးမှုအောက်တန်း ကျသည့်လုပ်ရပ်များ ပပျောက်စေရန်အတွက် အောက်ပါအတိုင်း ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းအသိပညာပေး ပြောင်းလဲရမည်ဖြစ်ပါသည်

 

 

(၁)   အခြေခံပညာရေးကဏ္ဍမှ စတင်ခြင်း။ ကျောင်းသင်ခန်းစာများတွင် မသန်စွမ်းမှုသဘော သဘာဝနှင့် ၎င်းတို့ကို ကူညီရိုင်းပင်းရမည့် နည်းလမ်းများ၊ လူသားချင်းလေးစားရမည့် စိတ်ဓာတ်များကို ငယ်စဉ်ကတည်းကသိရှိရန် အသိပညာပေးရမည်ဖြစ်ပါသည်။ “မတူညီသော်လည်း တန်းတူညီသည်” ဟူသောအမြင်ကို ပျိုးထောင်ပေးရမည်။

 

 

(၂)    မီဒီယာနှင့် အနုပညာရှင်များ၏ အခန်းကဏ္ဍ။ ရုပ်ရှင်၊ သီချင်းနှင့် စာပေဖန်တီးသူများက မသန်စွမ်းမှုကို သနားစရာ သို့မဟုတ် ရယ်စရာအဖြစ် ပုံမဖော်ဘဲ ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ရုန်းကန်လှုပ်ရှားမှုများကို အပြုသဘောဆောင်သော ပုံရိပ်အဖြစ် ပြောင်းလဲပုံဖော်ပေးရန် လိုအပ်ပါသည်။

 

 

(၃)   ပြည်သူလူထုအတွင်း Digital Literacy မြှင့်တင်ခြင်း။ လူမှုကွန်ရက်ပေါ်တွင် မသန်စွမ်းသူများကို လှောင်ပြောင်ထားသည့် Content များကို တွေ့ရှိပါက “ဟာသ” အဖြစ် သဘောမထားဘဲ အားပေးခြင်းမပြုခြင်း (Do not share/like) နှင့် တိုင်ကြားခြင်း (Report) တို့ကို ပြုလုပ်ကြရန် လိုအပ်ပါသည်။

 

 

(၄)   “မသန်စွမ်းမှုသည် ဟာသတစ်ရပ်မဟုတ်၊ Disability is not a joke” လှုပ်ရှားမှုများ။ အစိုးရဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် မသန်စွမ်းအဖွဲ့ အစည်းများပူးပေါင်းကာ လူထုအသိပညာပေးလှုပ်ရှားမှုများ၊ ဟောပြောပွဲများနှင့် ဆောင်းပါးများကို သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးရန် လိုအပ်လှပါသည်။

 

 

နိဂုံး

 

 

လူ့အဖွဲ့အစည်းတစ်ခု၏ ယဉ်ကျေးမှုအဆင့်အတန်းကို တိုင်းတာရာတွင် ထိုအဖွဲ့အစည်းက အားနည်းသူများ၊ မသန်စွမ်းသူများကို မည်သို့တန်ဖိုးထား ဆက်ဆံသလဲဆိုသည့် အချက်အပေါ်တွင် မူတည်ပါသည်။ မသန်စွမ်းမှုသည် မည်သူ့တွင်မဆို မတော်တဆမှုကြောင့်ဖြစ်စေ၊ အသက်အရွယ်ရလာ၍ဖြစ်စေ ဘဝ၏တစ်ချိန်ချိန်တွင် ကြုံတွေ့လာနိုင်သည့် သဘာဝတရားတစ်ခုသာ ဖြစ်ပါသည်။

 

 

ထို့ကြောင့် မသန်စွမ်းသူများကို ရယ်စရာအဖြစ် သရုပ်ဆောင်ပြခြင်း၊ လှောင်ပြောင်ခြင်းများကို မသန်စွမ်းသူများကိုယ်တိုင်မှစ၍ ပြတ်ပြတ်သားသား ဆန့်ကျင်ကြရပါမည်။ မသန်စွမ်းသူများ လိုအပ်နေသည်မှာ သနားကရုဏာ သို့မဟုတ် လှောင်ပြောင်သရော်မှုများ မဟုတ်ဘဲ “တန်းတူညီမျှသော အခွင့်အရေး” နှင့် “လူသားဂုဏ်သိက္ခာ လေးစားမှု” ဖြစ်ပါသည်။ ပြည်သူအားလုံး ပူးပေါင်းကာ “ခွဲခြားဆက်ဆံမှုကင်းစင်ပြီး အားလုံးပါဝင်နိုင်သော (Inclusive Society) ဖော်ရွေသည့် လူ့အဖွဲ့အစည်းကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။

 

 

ကိုးကား။ ကုလသမဂ္ဂမသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ လူမှုဗေဒနှင့် စိတ်ပညာဆိုင်ရာလေ့လာမှုများ - Disability Studies & Social Psychology.

 

 

 

iဓမ္မပဒပါဠိတော် (ဒဏ္ဍဝဂ်၊ ဂါထာ - ၁၂၉၊ ၁၃၀)နှင့် သံယုတ္တနိကာယ် (မလ္လိကာ သုတ္တန်)

 

 

iiရှင်မဿဲခရစ်ဝင် ၇:၁၂ (Matthew 7:12) နှင့် ရှင်လုကာခရစ်ဝင် ၆:၃၁ (Luke 6:31)

 

 

iiiဓမ္မသစ်ကျမ်း (New Testament) ရှိ ခရစ်ဝင်ကျမ်း (Gospels)

 

 

ivကောရိနသုဩဝါဒစာပထမစောင် ၁၃:၁ (1 Corinthians 13:13)

 

 

vကုရ်အာန်ကျမ်းမြတ် ၄၉:၁၃ (Surah Al-Hujurat 49:13 နှင့် တမန်တော်မြတ် မုဟမ္မဒ်၏ နောက်ဆုံးဓမ္မဒေသနာ (The Farewell Sermon)

 

 

viဆွဟီးဟ် အလ်-ဗုခါရီနှင့် ဆွဟီးဟ် မွတ်စလင်ကျမ်း (Sahih al-Bukhari 13, Sahih Muslim 45)

 

 

viiမဟာဘာရတကျမ်း (Mahabharata- Anushasana Parva 116.37-38) နှင့် ဘဂဝါဂီတာကျမ်း (Bhagavad Gita - Chapter 12, Verse 13)

 

 

viiiမဟာဘာရတကျမ်း (Mahabharata- Anushasana Parva 113.8) နှင့် ဘဂဝါ ဂီတာကျမ်း (Bhagavad Gita - Chapter 6, Verse 32)