မြသလွန်ခြေတော်ရင်းမှ သဲသောင်ပြင် အပန်းဖြေသူများဖြင့် စည်ကားလာ

မကွေး ၂၆ ဖေဖော်ဝါရီ

 

မကွေးမြို့ မြသလွန်စေတီတော်မြတ်၏ခြေရင်း ဧရာတီမြစ်အရှေ့ကမ်း အနီးမြစ်ရိုးမှာ တစ်စထက်တစ်စ ကျဉ်းမြောင်းလာပြီး ကမ်းနှင့် ပေ ၁၀ဝ ခန့်အကွာတွင် ကျယ်ပြန့်သော သောင်ပြင်တစ်ခုဖြစ်ပေါ်လာခြင်းကို အကြောင်းပြု၍ စားသောက်ကုန်ရောင်းချသူများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်ကားလျက်ရှိသည်။

 

 

“ကျွန်တော်တို့မြို့အတွက် အပန်းဖြေစရာနေရာတစ်ခု တိုးလာတာပေါ့၊ သောင်ပြင်အကျယ်ကြီးမှာ ငါးကင်၊ အကြော်နဲ့ အသုပ်မျိုးစုံရောင်းတဲ့ဆိုင်တွေ ရှိပါတယ်၊ တစ်နေကုန်နီးပါး လူသွားလူလာသိပ်မပြတ်ဘူး၊ ညနေပိုင်းကတော့ အစည်ဆုံးပဲ၊ တချို့က ဘော်လီဘောပုတ်ကြတယ်၊ ဘောလုံးကန်ကြတယ်၊ စွန်လွှတ်ကြတယ်၊ ကလေးတွေ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကြတယ်၊ နေဝင်ဆည်းဆာကို အရသာခံကြည့်ကြတဲ့သူတွေကတော့ ပိုများပါတယ်၊ လာတာကတော့ အရွယ်စုံပေါ့”ဟု မကွေးဒေသခံ ကိုခိုင်ဖြိုးက ပြောသည်။

 

 

မြသလွန်စေတီအဝင် ဘီလူးနှစ်ကောင်အနီး၌ ဆိုင်ကယ်များအပ်နှံကြပြီး မြစ်ကမ်းဘက်သို့ဆင်းကာ သောင်ပြင်အထိ ၁၀ မိနစ်ခန့် လမ်းလျှောက်သွားကြသူများရှိသကဲ့သို့ မြသလွန်ရင်ပြင်တော်ထိ အရောက်သွားကာ ဆီမီးကိုးထောင် ထွန်းညှိရာ လှေကားထစ်များမှ အောက်ခြေထိဆင်း၍ သောင်ပြင်သို့ အလည်အပတ်သွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

 

 

သောင်ပြင်သို့သွားနိုင်ရန် မြစ်ကိုဖြတ်၍ ပေ ၁၀ဝ အရှည်ခန့်ရှိ ဝါးတံတားနှစ်စင်း ခင်းထားသည်။ “ဒီသောင်ကြီးပေါ်လာတာကတော့ တစ်နှစ်လောက်ရှိပြီ၊ နောက်နှစ်လောက်ဆိုရင် ကမ်းနဲ့ဆက်သွား မလားပဲ၊ ရေတက်ချိန်မှာ ကမ်းလုံးပြည့်ရေရှိပေမယ့် ရေပြန်ကျချိန်တွေမှာ သောင်တွေကအနေအထား အမျိုးမျိုး ပြောင်းသွားတတ်ပါတယ်၊ မြစ်ရိုးကလည်း ကျဉ်းကျဉ်းလာတယ်၊ ဒီနှစ်သောင်ထွန်းတာလှတော့ အပန်းဖြေသူတွေအတွက်ရော စီးပွားရှာသူတွေပါ အဆင်ပြေတာပေါ့” ဟု ဘုရားအနီး နံကပ်ကျွန်းရွာနေ ဒေသခံတစ်ဦးက ပြောပြသည်။

 

 

ဧရာဝတီမြစ်အတွင်းရှိ သဲသောင်ပြင်သို့ ဝါးတံတားမှတစ်ဆင့်မသွားမီ ကမ်းဘက်ရှိကုန်းသောင်တွင် အကြော်တဲ၊ ဓာတ်ပုံအလှရိုက်သူများပြားသည့် နေကြာခင်းနှင့် သဘာဝအရိုင်းပန်းအလှနေရာများတွင်လည်း လူစည်ကားကြောင်း သိရသည်။

 

 

“သောင်ပြင်ကနေ အနောက်ဘက်ကမ်းကို မျှော်ကြည့်လိုက်ရင် မင်းဘူးမြို့က စက္ကိန်းတဲဘုရားကို ဖူးနိုင်ပါတယ်၊ မန်းရေနံမြေနဲ့ အနောက်ရိုးမတောင်တန်းတွေရဲ့ အလှကလည်း ကြည့်လို့ကို မဝဘူး” မကွေးမြို့မှ ကျောင်းဆရာကြီးတစ်ဦးဖြစ်သူ ဆရာမွန်က ပြောသည်။

 

 

ဧရာဝတီမြစ်၏ရေစီးသံနှင့်အတူ စုန်၊ ဆန်သွားလာနေသောသင်္ဘောနှင့် စက်လှေများ၊ လှေငယ်လေးများ၏ ရွေ့လျားမှုကို အလှတရားတစ်ခုအဖြစ် မြင်တွေ့နိုင်ပြီး မကွေးမြို့နှင့် မင်းဘူးမြို့တို့၏ ရင်းနှီးကျွမ်းဝင်မှုကို အဓွန့်ရှည်စေသည့် ဧရာဝတီမြစ်ကူးတံတားကြီး၏အလှနှင့် တန်ဖိုးကိုလည်း ခံစားခွင့်ရခဲ့ကြောင်း မိသားစုဖြင့် အလည် အပတ်လာရောက်သူ ဦးအောင်သိန်းလင်းက ပြောပြသည်။

 

 

ဝါးတံတားအဆုံး သောင်ပြင်အစပ်တွင် သောင်ကျွန်းကိုပတ်ကာ အပျော်စီးနိုင်သည့် စက်လှေငယ် လေး၊ ငါးစင်းခန့် ရှိနေတတ်ပြီး လူတစ်ဦး စီးနင်းခ ကျပ် ၅၀ဝ ယူကြောင်း၊ မြစ်ကူးတံတားအောက်ထိ လည်ပတ်ချင်သူများကိုလည်း ငွေကျပ် ၁၀ဝဝ ဖြင့် လိုက်ပို့ရတတ်ပြီး မြသလွန်စေတီအဝင် ဘီလူးနှစ်ကောင်အနီးရှိ ဆိုင်ကယ်များအပ်နှံရာသို့ လမ်းမလျှောက်ချင်၍ လှေဖြင့် ပြန်လိုသူများကိုလည်း လှေစီးခ ကျပ် ၃၀ဝ ဖြင့် ပြန်ပို့ပေးကြောင်း စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးနုကပြောသည်။

 

 

မကွေးမြို့တွင် အဓိကလည်ပတ်ရန်နေရာများအဖြစ် ကမ်းနာလမ်းရှိ လက်ဖက်ရည်ဆိုင်များ၊ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံ၊ လွတ်လပ်ရေး ကျောက်တိုင်ပန်းခြံ၊ ရွှေလင်မျှော်စေတီနှင့် မြသလွန်စေတီမြတ်တို့သာ ယခင်ကရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် နှီးဘုရား၊ ကံ့ကော်တစ်ထောင်နှင့် ဧရာဝတီမြစ်သောင်ပြင်တို့မှာလည်း လည်ပတ်သွားလာစရာ စာရင်းဝင်လာခဲ့ပြီဖြစ်သည်။ စိတ်၏တင်းကျပ်မှုတစ်စုံတစ်ရာကို မူးယစ်စေတတ်သောနေရာများ၌ ဖြေလျှော့မည့်အစား လူသား၏ အနုပညာစိတ်နှင့် သဘာဝအလှတရားတို့ ဟန်ချက်ညီပေါင်းစပ်ထားသော နေရာများ၌ ပြေလျော့စေနိုင်မှသာ နေထိုင်ရာပတ်ဝန်းကျင်နှင့် လောက၏ သာယာငြိမ်းချမ်းမှုကို ဆောင်ကျဉ်းနိုင်မည်ဖြစ်သည်။

 

ဇေယျတု(မကွေး)