မဖြစ်မနေ ကြိုးပမ်းအကောင်အထည်ဖော်

နေပြည်တော် မတ် ၂၆

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရမှာ ဒီမိုကရေစီဖြစ်သည်။ နိုင်ငံတော် အခြေခံမူများတွင် နိုင်ငံတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးနှင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟူ၍ ပြဋ္ဌာန်းထားသည်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ကာကွယ်စောင့်ရှောက်ခြင်းသည် ဒီမိုကရေစီအနှစ်သာရများကို စောင့်ရှောက်ခြင်းဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီး ပေါ်ထွန်း လာစေရေးအတွက် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ကူညီ ဆောင်ရွက်ရန် တပ်မတော်က ဦးတည်ထားသည်။နိုင်ငံတော်အစိုးရက တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများဖူလုံရေးတို့ကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် ဆောင်ရွက် လျက်ရှိသည်။ ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ပျံ့နှံ့ခြင်းနှင့် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်များမှ ဆက်လက်ဖြစ်ပေါ်လာသည့် မငြိမ်မသက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်ဖျက်ဆီးမှုများ စသည့်အကြောင်းတရားများကြောင့် ပြည်တွင်း၌ စီးပွားရေးတုံ့ဆိုင်း ကျဆင်းမှုနှင့် ပြည်တွင်းဝယ်ယူ စားသုံးမှုတို့ ကျဆင်းခဲ့သည်။ ယခုအခါ အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ကျဆင်းသွားခဲ့ပြီ ဖြစ်သကဲ့သို့ အကြမ်းဖက်မှုများမှာလည်း ငြိမ်းအံ့ဆဲဆဲ မီးတောက်သဖွယ် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ မိမိတို့နိုင်ငံတွင် ရေ၊ မြေ သယံဇာတ ပေါများသည့်အလျောက် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မှုများ မြှင့်တင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့ဖြင့် စားနပ်ရိက္ခာ ပေါများဖူလုံပြီး စားသုံးမှုမြင့်မားလာမည်ဖြစ်ရာ တပ်မတော်က ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်သွားရန်လည်း ဦးတည် ထားသည်။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ အနှစ်နှစ်အလလကပင် လိုချင်တောင့်တခဲ့ကြသည့် တူညီသောဆန္ဒမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် အလေးထားကြိုးပမ်းလျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ယခုနှစ်ကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံမှုများလည်း ပြုလုပ်လျက်ရှိသည်။ လက်ရှိကာလသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလဖြစ်ပြီး လွတ်လပ်၍ တရားမျှတ သော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်း ဆောင်တာများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် လျက်ရှိသည်။ ယင်းလုပ်ငန်းများ အားလုံးသည် အချိန် ကာလအကန့်အသတ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်ရာတပ်မတော်ကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက် လျက်ရှိသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ရက်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်တို့ လက်မောင်းသွေးဖောက်သစ္စာရေသောက်၍ ဖွဲ့စည်းခဲ့ သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ၊ အိုင်၊ အေ) မှစတင်ပါက မြန်မာ့တပ်မတော်၏သက်တမ်းမှာ နှစ်ပေါင်း ၈၀ ပြည့်ခဲ့ပြီးဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစတင်ကာ ခေတ်အဆက်ဆက်တွင် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ရေးအတွက် တပ်မတော်ကို အဆင့်ဆင့်တည်ဆောက်ခဲ့ရသည်။ မျက်မှောက် ကာလတွင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းများနှင့်အညီ မြန်မာ့တပ်မတော်ကိုလည်း အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်အဖြစ် တည်ဆောက် သွားရမည်ဖြစ်ရာ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များကို အကောင်အထည်ဖော်ခြင်းသည် မျက်မှောက်ကာလနိုင်ငံ၏ ပကတိအခြေအနေများနှင့်ကိုက်ညီပြီး မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်သွားရမည်သာ ဖြစ်ပါကြောင်း။ ။

မြန်မာ့အလင်း