မပေါ့မဆသတိမပြတ် ဆက်လက်လိုက်နာ

ဇွန် ၉

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝိုင်းဝန်းကာကွယ် ထိန်းချုပ်နေကြသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကမ္ဘာတစ်ခွင်တွင် စတင်ဖြစ်ပွားစဉ်ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်မှုဖြင့် ပြည်သူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသန္တရအစိုးရအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်မှုကြောင့် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဟု ဆိုရမည်။

 

မြန်မာနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း ၂၂၈၁၄ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၅၃ ဦး တွေ့ရှိခဲ့သည့်အနက် ဇွန်လ ၂ ရက်နေ့တွင် တွေ့ရှိရသည့် ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးမှလွဲ၍ ရောဂါပိုးတွေ့ရှိလူနာ ၅၂ ဦးမှာ ပြည်ပနိုင်ငံများမှ ရောက်ရှိလာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ပြည်တွင်း၌ ရောဂါပိုးကူးစက်ခံရသည့် လူနာသစ် မတွေ့ရှိသည့် လက္ခဏာဖြစ်သည်။

 

ကပ်ရောဂါ၏ သဘာဝသည် ရောဂါစတင်ဖြစ်သည်မှ ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း မြင့်တက်လာခြင်း သို့မဟုတ် ဖြစ်ပွားမှုနှုန်း တန့်နေခြင်း သို့မဟုတ် ဖြစ်ပွားမှုနှုန်း တဖြည်းဖြည်း ကျဆင်းလာခြင်း သို့မဟုတ် ဖြစ်ပွားမှုနှုန်း ရုတ်တရက် ထပ်မံမြင့်တက်လာခြင်းမျိုးဟူ၍ ရှိနိုင်သည်။ မြန်မာနိုင်ငံ၏ ရောဂါဖြစ်ပွားမှုအနေအထားမှာ ပြည်ပမှပြန်လာသူများတွင်သာ ရောဂါပိုးတွေ့ရှိရပြီး ပြည်တွင်း၌ ရောဂါကူးစက်မှုကို ထိန်းချုပ်ထားနိုင်သည့် သဘောရှိသည်။ ။

 

ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မည်သည့်သဘောသို့ ဦးတည်သွားမည်ကို တထစ်ချခန့်မှန်းပြောဆိုရန် မလွယ်သဖြင့် လက်ရှိကူးစက်ခံရသောလူနာများမှ ရောဂါ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရန် သတိကြီးကြီးထား၍ ဝိုင်းဝန်းကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်သည်။ အများပြည်သူတို့ အထူးသတိပြုရမည့်အချက်မှာ ပေါ့ပေါ့ဆဆနေလိုက်သည်နှင့် ရောဂါဖြစ်ပွားသူများ နေရာအနှံ့အပြားတွင် အစုလိုက်အပြုံလိုက် တစ်ပြိုင်နက် ဖြစ်ပေါ်နိုင်သည်ကို သိရှိထားရမည်ဖြစ်သည်။ ။

 

ယခုအချိန်အခါတွင် မိမိပတ်ဝန်းကျင်၌ ရောဂါပိုးရှိသူ မတွေ့သဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်၊ ရှောင်ရန်အချက်များကို မလိုက်နာသူ တစ်စတစ်စ များလာသည်ကို တွေ့ရသည်။ မိမိပတ်ဝန်းကျင်တွင် ရောဂါပိုးရှိသူ မရှိပါဟု တထစ်ချ မမှတ်ယူသင့်ဘဲ ရောဂါလက္ခဏာ မပြသေးသူများရှိနိုင်သည်ဟု ခံယူပြီး နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို မည်သည့်နေရာတွင်မဆို ပြုလုပ်ရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမှာ ရောဂါပျိုးချိန် ကာလအတွင်း၌သာ ရှိနေ၍ ရောဂါလက္ခဏာမပြသူများ ရှိနိုင်ခြင်းကြောင့် တစ်ချိန်တည်း တစ်ပြိုင်တည်းရောဂါကူးစက်ပြန့်ပွားမှု ဖြစ်လာနိုင်သည်။ ထိုသို့ တစ်ပြိုင်နက်ဖြစ်လာပါက ရောဂါထိန်းချုပ်ရန် ခက်ခဲပြီး မနိုင်မနင်းဖြစ်နိုင်သည်ကို သတိချပ်ရမည်။

 

ရောဂါတစ်မျိုးသည် ရောဂါပျိုးချိန်ရှည်လျှင် ရှည်ကြာသလောက် အန္တရာယ်ပိုများကြောင်း၊ နေရာဒေသတစ်ခုတွင် ကပ်ရောဂါတစ်မျိုး ရောဂါပျိုးချိန် အရှည်ကြာဆုံးကာလ၏ နှစ်ဆတာ ကာလအတွင်း ရောဂါဖြစ်ပွားသူ တစ်ဦးတစ်ယောက်မှမရှိမှသာ အဆိုပါနေရာဒေသ၌ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ဟု ကောက်ချက်ချနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အသိပေးထားသည်။ ထို့ကြောင့် ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ၏ ရောဂါပျိုးချိန် နှစ်ဆတာကာလဖြစ်သည့် ၂၈ ရက် အတွင်း ရောဂါဖြစ်သူ တစ်ယောက်မှမရှိမှသာ ရောဂါကူးစက်ဖြစ်ပွားခြင်း မရှိတော့ဟု ယူဆနိုင်သည်။

 

ထိုသို့ရောဂါဖြစ်ပွားခြင်း မရှိတော့ဟု ကောက်ချက်ချနိုင်သော်လည်း ကပ်ရောဂါ၏ အတိမ်အနက်ကို လုံးဝလျှော့တွက်၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်၌ အသစ်ဖြစ်ပေါ်လာသောရောဂါဖြစ်သည့်အပြင် ရောဂါကူးစက်ပြန့်ပွားပုံ၊ ပျံ့နှံ့မှုအရှိန်အဟုန်၊ ရောဂါ ပြင်းထန်မှု အတိုင်းအတာစသည့် သဘာဝများကို မသိရှိရသေးသောကြောင့် ဖြစ်သည်။

 

အရာဝတ္ထုတစ်ခုကို ရုတ်တရက်လွှတ်ချလိုက်ပါက အရှိန်ဖြင့် ပြန်လည် တွန်းကန်တတ်သည့် သဘောရှိသဖြင့် တဖြည်းဖြည်းသာ လျှော့ချရမည် ဖြစ်သည်။ သို့ပါ၍ ပြည်သူများနှင့် ကန့်သတ်ထားသူများအနေဖြင့် ရောဂါအရှိန်အဟုန်ဖြင့် နိုးထလာခြင်းမရှိစေရန် အသိပညာပေး နှိုးဆော်ချက်များနှင့် လမ်းညွှန်ချက်များကို ဆက်လက်လိုက်နာပြီး မပေါ့မဆ သတိပြုနေထိုင်ကြရန် တိုက်တွန်းပါသည်။ ။

 

ကြေးမုံ