မန္တလေးတွင် H1N1 ရာသီတုပ်ကွေးရောဂါပိုး သံသယရှိသူ ၆ ဦးအနက် နှစ်ဦးတွင် ရောဂါပိုးတွေ့ရှိ

မန္တလေး ၁၀ ဇူလိုင်


မန္တလေး H1N1 ရာသီတုပ်ကွေးရောဂါ သံသယရှိသူလူနာ (၆)ဦးရှိသည့်အနက် (၂ )ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ထံက သိရသည်။


အဆိုပါ ရာသီတုပ်ကွေးရောဂါ သံသယရှိသူ (၆)ဦးမှာ မန္တလေးတိုင်းမှ (၃)ဦး၊ စစ်ကိုင်းတိုင်းမှ(၂)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ (၁)ဦးဖြစ်ပြီး မန္တလေးဆေးရုံကြီးနှင့် မန္တလေး ကုတင်(၅၅၀)ကလေးဆေးရုံသို့ တက်ရောက် ကုသလာခြင်းဖြစ်ကြောင်း သိရသည် ။


" ခြောက်ဦးလုံးကို စစ်ဆေးကြည့်တော့ နှစ်ဦးက H1N1 ပိုးတွေ့တယ်။ ပိုးတွေ့တဲ့နှစ်ဦး နဲ့ သံသယရှိသူ တစ်ဦးကလည်း သက်သာလို့ ဆေးရုံက ဆင်းသွားပါပြီ။ ကျန်တဲ့ သုံးဦးကတော့ H1N1 ရောဂါပိုးကူးစက်ခံရခြင်းမရှိတဲ့အတွက် စိုးရိမ်စရာတော့မရှိပါဘူး " ဟု ၎င်းကပြောသည် ။


မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ (H1N1) သံသယရှိလူနာ  ၅၀၂ ဦးကို ဓာတ်ခွဲစစ် ဆေးရာ ပိုးတွေ့ရှိသူ ၁၈၀ ဦးရှိ ပြီး ၃၁ ဦးသေဆုံးခဲ့ဟု  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။


ရာသီတုပ်ကွေး H1N1 ရောဂါသည် ရောဂါပိုးကူးစက်ခံရသည့်အချိန်ကစတင်၍ တစ်ရက်မှ လေးရက်အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခဏာများမှာ အပူချိန် ၃၈ ဒီဂရီစင် တီဂရိတ်နှင့်အထက် ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်းတို့ ဖြစ်သည်။ 


ထို့ထက်ပြင်းထန်လာပါက အဖျားကြီးလွန်းခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန်ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသမှုခံယူရန် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက နှိုးဆော်ထားသည်။


သူရိန်လင်း