မန္တလေး ဧပြီ ၂၄

 

မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်း မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲအဖြေလွှာများကို စာစစ်လုပ်ငန်းများဆောင်ရွက်နေသည့် မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံမှာ ထိခိုက်ပြိုကျပျက်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့မှ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရာ အဆိုပါဒေသများအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

 

သွားရောက်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စာစစ်ဌာနများ ကြိုတင်ပြင်ဆင်ထားမှုကို သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၇)အခြေခံ ပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန် ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေခန်းများ ကြိုတင်ပြင်ဆင်ထားမှု၊ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက်သင်ခန်းစာများကို ပြန်လည်သင်ကြားပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ကျောင်းရှိအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှု၊ အပျက်အစီးများအား ရှင်းလင်းထားမှုများကိုလည်းကောင်း၊ ဆက်လက်၍ မဟာအောင်မြေ မြို့နယ်ရှိ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ပြီး စာဖြေခန်းများကြိုတင်ပြင်ဆင်ထားမှု၊ အဆောက် အအုံများ ထိခိုက်ပျက်စီးခဲ့မှု၊ အပျက်အစီးများအား ရှင်းလင်းထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 

ပေါင်းစပ်ညှိနှိုင်း

အဆိုပါ ကျောင်းများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာရပ်အားလုံး ဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပြုထားပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူများ စာမေးပွဲပြီးဆုံးသည်အထိ ချောမွေ့စွာဖြေဆိုသွားနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသည့်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများရှိခဲ့ရာ တတ်မြောက်ပြီး သင်ခန်းစာများကို အချိန်ကာလတစ်ခုအတွင်း ထိရောက်စွာ ပြန်လည်သင်ကြားပေးရမည့်အပြင် စိတ်ဓာတ်ခွန်အားများကို နည်းလမ်းမှန်ကန်စွာဖြင့် မြှင့်တင်ပေးသွားရန်လိုအပ်ပါကြောင်း၊ စာဖြေခန်းများ သန့်ရှင်း သပ်ရပ်ရေးနှင့် အလင်းရောင်ကောင်းမွန်စွာရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ ငလျင်ဒဏ် ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့မှုများနှင့်ပတ်သက်၍ ချက်ချင်းဆောင်ရွက်ရသည်များကို ကျောင်းဖွင့်အမီ ချက်ချင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုအချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်မြတ်စွာ ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ရွှေကျီးမြင်စေတီတော်နှင့် သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေနှင့် အပျက်အစီးများအား ရှင်းလင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်