နေပြည်တော်၊ မတ် ၇

မန္တလေးတိုင်းဒေသကြီး၌ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက်ထုတ်လုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။  

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က  ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီကို ပြည်သူများဖူလုံစွာ စားသုံးနိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေးအတွက် ဆီထွက်နှုန်း ကောင်းမွန်သည့် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး အားပေးကူညီသွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံသည် တစ်ဧက ဆီထုတ်လုပ်မှုနှုန်း အမြင့်ဆုံး သီးနှံဖြစ်၍ ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ကို တစ်ရာသီနှစ်ရာသီအတွင်း သိသိသာသာ ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တောင်သူတွက်ခြေကိုက်သော အထွက်နှုန်းရရှိရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့် ရရှိရေး၊ နည်းပညာနှင့် အကူအညီများပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ စားသုံးဆီသန့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သော ကြိုတင်ညှိနှိုင်း ဆောင်ရွက်မှုများကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

အလားတူ ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု ပြန်လည်ဖွံ့ဖြိုး တိုးတက်လာရေးအတွက် လက်ရှိထုတ်လုပ်လျှက်ရှိသည့် ဝါမျိုးများထက် ချည်မျှင်ပိုမိုရှည်လျားပြီး အရည်အသွေးကောင်း ဝါမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရန် ပြည်ပမှမျိုးသစ်များ တင်သွင်း စိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့ထုတ်တောင်သူ အသင်းအဖွဲ့များ အားကောင်းလာစေရန် မျိုးစေ့ထုတ် သမဝါယမ အသင်းများ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊  ဝါသီးနှံမှ အဝတ်အထည်အတွက် ချည်ထုတ်လုပ်ခြင်းအပြင် ဝါစေ့ဆီကို စားသုံးဆီအဖြစ် သန့်စင်ထုတ်ယူ နိုင်သကဲ့သို့ ဝါစေ့ကြိတ်ဖတ်ကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ဘက်စုံအကျိုးပြုနိုင်သော သီးနှံဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို က မန္တလေးတိုင်း ဒေသကြီး အတွင်း သီးနှံအမယ်စုံ စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပြီး အထူးသဖြင့် ဆီထွက်သီးနှံ နေကြာ နှင့် ဝါသီးနှံ အောင်မြင်ဖြစ်ထွန်းရန် သေချာသည့် ဒေသများတွင် တိုးချဲ့စိုက်ပျိုးရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် ဝင်ငွေအကျိုးအမြတ်ရရှိ စေမည့် သီးနှံပုံစံဖြစ်စေရေး အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ချည်မျှင်ရှည်ဝါ တိုးတက် ထုတ်လုပ်ရေးဆိုင်ရာများ၊ မွေးမြူရေးဇုံ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဒေသသောက်သုံးရေ စိုက်ပျိုးရေဖူလုံရေး အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး၌ ဆည်ကန်များနှင့် ရေတင်စီမံကိန်း ရေသောက်စနစ်များရှိ ရေခြွေတာ သုံးစွဲရန်လိုအပ်သည့် ဒေသများတွင် နေကြာနှင့် ချည်မျှင်ရှည်ဝါ သီးနှံများကို အစားထိုး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာသီးနှံကို မိုးနှင့် ဆောင်းသီးနှံများအဖြစ် လက်ရှိတွင် ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိပြီး လာမည့် စိုက်ပျိုးရာသီမှစ၍ ဧက ၁၇၀၀၀၀ ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ရာ စုစုပေါင်း နေကြာဧက ၂၉၀၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ 

ထို့အတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မတ် (၆)ရက် နံနက်ပိုင်းကလည်း ဝမ်းတွင်းမြို့နယ် ရွှေတောင်ခြံတွင် စိုက်ပျိုးရေး ဦးစီးဌာနအောက်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊  သုတေသန စိုက်ကွက်များ ဆောင်ရွက်ရာတွင် အကျိုးဆောင်တောင်သူများနှင့်ပူးပေါင်း၍ ထိရောက် ကျယ်ပြန့်သော သုတေသနဖြစ်စေရန်နှင့် မိမိတို့ခြံများက မျိုးပွားထုတ်လုပ်လိုက်သည့် မျိုးစေ့ အဆင့်အလိုက် ဝါမျိုးစေ့များ တောင်သူ့လက်ဝယ် စီးဆင်းရောက်ရှိ အသုံးပြုမှု မှတ်တမ်းများ ထားရှိဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး အစီအမံများ စနစ်တကျ ရေးဆွဲဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်ကို  လေ့လောဖော်ထုတ်ရန် နှင့် စက်ရုံများ လိုအပ်သည့် ဝါအရည်အသွေးဖြစ်စေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးသိပ္ပံ သို့ရောက်ရှိကြပြီး စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေး ဒီပလိုမာ သင်တန်းများအတွက် ဘာသာရပ်အလိုက် သင်ကြားရေးဝန်ထမ်းများ ပြည့်စုံစေရေး ဆောင်ရွက်ထားရှိမှု၊ မွေးမြူရေးတိရစ္ဆာန်များ နှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုးကျွေးမွေးမှုစနစ်များ ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြား ခဲ့သည်။

ညနေပိုင်းတွင် ပြင်ဦးလွင်ရှိ ပွေးတောင်ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံ၌ မြန်မာနိုင်ငံ ကော်ဖီအသင်း တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား တွေ့ဆုံ၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ကို ကော်ဖီအဓိက ထုတ်လုပ်သည့် ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်တွင် ကော်ဖီစိုက်ပျိုးသည့် ဧရိယာအားလုံး ထုတ်လုပ်မှု စွမ်းအား အပြည့်အဝ ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာန၊ မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ချက်များကို ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်