မန္တလေးတိုင်းဒေသကြီးအတွင်း ရေရှားသည့်နေများတွင် ရေပေးဝေနိုင်ရန် ရေသယ်ယာဉ်များ ကြိုတင်စီစဉ်ထားဟုဆို

မန္တလေး ၂ ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရေရှားပါးသည့်နေရာနှင့် သောက်သုံးရေး ရှားပါးသော ကျေးရွာများသို့ ချက်ချင်း ရေပေးဝေနိုင်ရန်အတွက် ရေသယ်ယာဉ်များကို ကြိုတင်ပြင်ဆင်ထားကြောင်း ကျေးလက်ဒေသ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

 

"ရေရှားပါးတာနဲ့ ချက်ချင်းပေးဝေနိုင်ဖို့အတွက် ရေဘောက်ဆာတွေကို ကြိုပြီး ဆက်သွယ် ပြင်ဆင်ခိုင်းထားတယ်။ အရေးပေါ်ကာလမှ ရေကားနဲ့ ဖြန့်ဝေဖို့၊ ဘေးရွာတွေကလည်း cluster အနေနဲ့ ဝိုင်းပြီးကူနိုင်ဖို့ စီစဉ်ထားတယ်။ ရေပြတ်တာက မတ်လလယ်လောက်ကစပြီး ကြုံတွေ့ရတယ်။ ဒါကြောင့် ဖေဖော်ဝါရီလလောက်က စပြီး ရေရှားပါး ပြတ်လတ်နိုင်တဲ့ နေရာတွေ အရင်နှစ်ကဖြစ်ခဲ့တဲ့ ရွာတွေကို ပိုက်စိပ်တိုက် ကွင်းဆင်းဖို့ လုပ်ထားတယ်" ဟု ကျေးလက်ဒေသ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေပြတ်လတ်မှုများ ကြုံတွေ့ရလေ့ရှိသော ရွာများ၌ ရေချွေတာသုံးစွဲရေး ပညာပေးမှုများပြုလုပ်သွားရန် ကျေးလက်ဒေသ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး ဦးစီးဌာနက စီစဉ်ထားကြောင်း သိရသည်။ 

 

နွေရာသီရေရှားပါးမှုအတွက် လုပ်ဆောင်ရာတွင် ပြီးခဲ့သည့် နှစ်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ကျေးရွာပေါင်း  ၃၅၅၂ ရွာတွင် ရေပေးဝေရေး လုပ်ငန်းပေါင်း ၃၈၄၇ ခုကို  စီမံကိန်းဖြင့် လုပ်ဆောင်ခဲကြောင်း သိရသည်။

 

သူရိန်လင်း