နေပြည်တော် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၄၃၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ငါးတဲစုကျေးရွာ အနီး၊ တောလမ်းတွင် ပင်လောင်း ဘက်မှ ရမည်းသင်းဘက်သို့ ကိုဖြိုး(ခ)အောင်သူဖြိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်ကျော်စွာ(ခ)ကျော်စွာ မောင်းနှင်လာသည့် TOYOTA HILUX SURF မော်တော်ယာဉ်တို့ကို သတင်းအရ ရှာဖွေရာ SURF မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၈ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄၃၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)