မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၈  ဧပြီ

 

သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက်မှ ၇ ရက်အထိ  တရားမဝင်သစ် ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်း မိုင်တိုင်အမှတ်(၂၀/၁)နေရာ၌ တရားမဝင်ကျွန်း/ အင်ကြင်းသစ်(၉၂)လုံး (၂၂ ဒသမ ၇၀ဝ၄)တန် တင်ဆောင်ထားသော မော်တော်ယာဉ်(၄)စီး၊ ဆိုင်ကယ်(၁)စီးနှင့် ပြစ်မှုကျူးလွန်သူ (၁၀)ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ထို့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာခြံများနှင့် ရွှေစက်ရပ်ကွက် တို့အတွင်း တရားမဝင် ကညင်၊ ကြေးလံ၊ ကံ့ကော်ဖို၊ ခလောင်၊ မအူ အစရှိသည့် သစ်လုံး/သစ်ခွဲသားစုစုပေါင်း ၂၉၆ ဒသမ ၇၄၄၄ တန်ခန့်၊ သစ်တင်ယာဉ်(၂)စီးအား လည်းကောင်း၊မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ၏ မြောက်ဘက်(၄)မိုင်ခန့်အကွာနေရာမှ တရားမဝင်ပိတောက်ခွဲသား(၁၁၁)ချောင်း (၄ ဒသမ ၁၃၇၂) တန်တို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိပြီး၊ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

(မောင်လူမော်)

 

0.2