မန္တလေးသရက်ဈေးကွက် စိန်တစ်လုံး သရက်အရောင်းသွက်

မန္တလေး  ၁၄   မေ

 

မြန်မာ့သရက်မျိုးများအနက် စိန်တစ်လုံးသရက်သီးသည် အနံ့အရသာကောင်းမွန်၍ ဈေးကွက်အတွင်း လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်း မန္တလေးမြို့၊ ၂၉လမ်း၊ ၈၄×၈၅ လမ်းကြား၊ ဈေးချို ဝါးတန်းရပ်ရှိ သစ်သီးပွဲရုံများမှ သိရသည်။

 

"သရက်အမျိုးပေါင်းက (၁၃၀)ကျော်လောက်ရှိတယ်။ သရက်သီးရာသီက တန်ခူး လပြည့်ကျော်ပြီးရင် စပြီး လှိုင်လှိုင်ပေါ်တယ်။ စပေါ်ကာစက အကြမ်းသီးပေါ့။ မျိုးသိပ်မကောင်းတဲ့ အသီးတွေ ပေါ်တယ်။ အဲဒါပြီးရင် စိန်တစ်လုံး ထွက်တယ်။ အဲဒီနောက်မှာ ပန်းဆွဲတို့၊ ဟင်္သာတို့ စတဲ့ အသီးတွေ ထပ်ပေါ်တယ်။ စိန်တစ်လုံးကတော့ အရသာကောင်းပြီး လူကြိုက်များတော့ အစိုက်များတာပေါ့။ သူ့ဒေသနဲ့ စိုက်တဲ့ အချိန်ပေါ်မူတည်ပြီး သီးတဲ့ အချိန်က ကွာခြားသွားတော့ ဈေးရတာချင်း မတူတော့ဘူး။ ပလိပ်၊ ကျောက်ဆည်၊ ဟံမြင့်မိုရ် စတဲ့ နယ်ပေါင်းစုံက မန္တလေးကို ဝင်တယ်။ သရက်ပင်က နေရာအနှံ့ စိုက်နိုင်တော့ ဒေသအနှံ့က ထွက်တယ်။ အချို့ဒေသတွေမှာက အသီးကောင်း မထွက်ဘဲ အကြမ်းသီးပဲ ထွက်တော့ မန္တလေးကနေ အသီးကောင်းတွေ ပြန်ပို့ရတယ်၊  မန္တလေးဈေးကွက်မှာတော့ စိန်တလုံးသရက် အရောင်းသွက်တယ်"ဟု နေခြည်သစ်သီးပွဲရုံပိုင်ရှင် ဦးတင်မောင်ထွန်းက ပြောကြားသည်။

 

"ဒီနှစ်တော့ အရင်နှစ်ကနဲ့ စာရင် သရက်သီး အဝင်များတယ်။ ပြည်တွင်းမှာတော့ မန္တလေးကနေ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ဟိုပင်၊ မိုးညှင်း၊ ကသာ၊ မြစ်ကြီးနား စတဲ့ နယ်ပေါင်းစုံကိုပို့ရတယ်။ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို နယ်ဘက်တွေကျတော့ အောက်သီး ဈေးနည်းတဲ့ အသီးတွေပေါ့ ဈေးနည်းနည်းနဲ့ ပြန်ရောင်းလို့ရမယ့် အသီးမျိုးတွေ ပိုဝယ်ကြတယ်။ တရုတ်ဘက်ပို့တာကြတော့ ဈေးကွက်က မှန်းမရတော့ တော်ရုံ ဟိုဘက်မှာ ပွဲရုံအပိုင်မရှိဘဲ ရမ်း မတက်ရဲကြဘူး။ ဒီဘက်က သရက်ခြံတွေက တိုက်ရိုက်ရောင်းကြတယ်။ ပွဲရုံတွေဆီ မလာတော့ဘူး။ မူဆယ်၊ ရွှေလီဘက် ပို့ကြတယ်။ ခါတိုင်း ကား အစီးရေ ၁၀ဝ သွားရင် အခု (၅၀/၆၀)ပေါ့ ၅၀%၊ ၆၀% လောက်ပဲ တက်ကြတော့တယ်။ အရင်ကတော့ သူ့ခြံ ကိုယ့် ခြံတက်ရောင်းကြတာပေါ့။ ပို့တဲ့အခါ လမ်းမှာ အထားခံအောင် အမှည့်ဘက်လိုက်တော့မယ့် ရင့်တဲ့ အစိမ်းသီးတွေပဲ ပို့ကြတယ်။ လိုက်လုံးနဲ့ အမှည့်က ဒီဘက် ပွဲရုံတွေကို ပို့တယ်။ သရက်သီးဈေးကတော့ အကြီး၊ အသေး၊ အသီး ကောင်း/မကောင်း၊ ပိုးပေါက် ပါ/မပါ၊ ကိုင်းပွန်း ပါ/မပါ စတဲ့ အသီးအနေအထားကိုကြည့်ပြီး တစ်လုံးကို ၅၀-၁၀ဝ ကျပ် ကနေ ပုံမှန် ၁၅၀-၃၀ဝ ကျပ်အထိ အစားစားရှိပါတယ်။ ၃၀ဝ/၄၀ဝ ကျပ်တန် အသီးကောင်း အကြီးသီး ကတော့ ပါခဲတယ်။ ဈေးကွက်က ပုံမှန်ပါပဲ။ အကောင်းကြီးပဲလည်း မဟုတ်သလို၊ မကောင်းတဲ့ဘက်လည်း မရောက်ပါဘူး"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

သရက်သီးများကို  တောင်းများဖြင့် ဈေးကွက်အတွင်း ပုံမှန်တင်ပို့လျက်ရှိပြီး တစ်တောင်းလျင် အသီး အကြီးအသေးပေါ် မူတည်၍ အကြီး ၁၄၀ မှ ၁၅၀ အကြား၊ အလတ် ၁၂၀ မှ ၁၃၀ အကြား၊ အသေး ၁၈၀ မှ ၂၀ဝ အကြား ပါဝင်ကာ ပွဲရုံများမှ တောင်းပြတ် ရောင်းချကြောင်း သိရသည်။

 

"အခက်အခဲကတော့ ရာသီဥတု ဖောက်ရင်လည်း သရက်သီးက အထွက်နည်းတယ်။ အခု ညမထွက်ရ ဒေသန္တရအမိန့်တွေ ထုတ်ထားတာရယ်၊ ဈေးတွေမှာလည်း အချိန်အကန့်အသတ်နဲ့ ရောင်းရတာတွေရှိတော့ ကုန် အဝင်/အထွက် က မမျှဘူး၊ ကုန် အသစ်/အဟောင်းက မျှမျှတတ မလည်နိုင်ဘူး။ ညပိုင်းသာ ဝင်မယ်ဆိုရင် မနက်စောစောဆို အသီးက တော်တော်များများ ပြတ်ပြီ လက်ကျန်လေးပဲ ဆက်ရောင်းရုံပဲ။ ညပိုင်းကျတော့ အသီး အသစ်ထပ်ဝင် အဲလို အဟောင်းအသစ် ဖလှယ်နိုင်တယ်။ လက်လီ ပြန်ရောင်းတဲ့ ဈေးသည်ကလည်း အချိန်အကန့်အသတ်နဲ့ ရောင်းရတော့ ကုန်ကို တိုင်းဝယ်ကြတယ်။ ကုန်စိမ်းဆိုတော့ အထားခံတဲ့ ကုန်မဟုတ်ဘူး။ ကိုယ်ပြန်ရောင်းရမယ့် အချိန်နဲ့ ရောင်းနိုင်မယ့် အင်အားနဲ့ပဲ ချိန်ဝယ်ကြတော့တယ်။ အဓိက လက်လီသည်တွေ အားထားရောင်းရတာဆိုတော့ ကိုယ်က အချိန်ပြည့် ဖွင့်လို့ရပေမယ့် သူတို့က မထွက်ရရင် ကိုယ်လည်း မရောင်းရဘူး။ အချို့ဒေသတွေမှာတော့ သရက်သီးကို တာရှည်ခံ စားသောက်ကုန်တွေအဖြစ် ပြုပြင်ထုတ်လုပ်တာရှိတယ်။ နည်းပညာ အရရော၊ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့အထိ ပြင်ဆင် ထုတ်လုပ်နိုင်ခြင်း မရှိတာရော၊ ပြည်တွင်းမှာတင် ဝယ်လိုအား နည်းတဲ့အတွက် သိပ်မတွင်ကျယ်ဘူး။ အခုလက်ရှိတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်းပဲ အရောင်းအဝယ် လုပ်နေပါတယ်။"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

"အရွက်မှာ လက်ဖက်၊ အသီးမှာ သရက်" ဆိုသကဲ့သို့ မြန်မာလူမျိုးများသာမက အိမ်နီချင်းတိုင်းပြည်များနှင့် နိုင်ငံတကာမှ ကြိုက်နှစ်သက်ကြပြီး အနံ့ အရသာနှင့် ပြည့်စုံသည့် မြန်မာ့သရက်မျိုး စိန်တစ်လုံးကို နည်းစနစ်ကျနစွာဖြင့် သဘာဝအတိုင်း အော်ဂဲနစ်အဖြစ် ယခုထက် ပိုမို တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ခြင်းဖြင့် တိုင်းပြည်၏ ထုတ်ကုန် အမှတ်တံဆိပ်တစ်ခုကိုအခိုင်အမာရရှိကာ နိုင်ငံခြားဝင်ငွေတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ  အထောက်အကူပြုနိုင်မည်ဖြစ်သည်။

 

သန်းဇော်မင်း(ပြန်/ဆက်)