နေပြည်တော်    ဧပြီ    ၂၇

 

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန်လ(၁၆)ရက်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအကြား မျှတမှုရှိစေရေးအတွက် အဖြေလွှာ များပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆို စေခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ကချင်ပြည်နယ်များတွင် ဘာသာစုံဖြေဆိုထားသော ကျောင်းသား ကျောင်းသူပေါင်း (၆၃၀၀၀)ခန့်ရှိ ကြောင်း၊ ထိုကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောလ်ပင်များ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည့် ကျောင်းသုံးပစ္စည်းများနှင့် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊   နိုင်ငံ၏အနာဂတ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အား ပြန်လည်မြှင့်တင်ပေးရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် သတ်မှတ်ထားသော ကျောင်းများတွင် တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက် ပါမောက္ခများ၊ ကထိကများက လာရောက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပညာ ဆရာ ဆရာမများက ဆက်လက်သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က သင်ကြားမည့်ကျောင်း၊ ဆရာ ဆရာမစာရင်း၊ အချိန်ဇယားနှင့် သင်ခန်းစာများကို သေချာစွာပြင်ဆင်ထားရှိရန်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကျောင်းသား ကျောင်းသူ များအတွက် သတ်မှတ်ထားသော ကျောင်းများ၊ စခန်းများတွင် သောက်ရေ၊ သုံးရေလုံ လောက်စွာရရှိရေးနှင့် သန့်စင်ခန်းများ အဆင်ပြေစေရေး နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆောင်ရွက်နေမှုများနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)