မန္တလေးမြို့တွင် ဂိုဒေါင် တစ်လုံး မီးလောင်မှုကို ငြှိမ်းသတ်ရင်း အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိ

မန္တလေးမြို့ ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက်ရှိ  ဂိုဒေါင်မီးလောင်မှု ဖြစ်ပွားရာ မီးငြှိမ်းသတ်ခဲ့သည့် အရန်မီးသတ်တပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ပြည်ကြီးပျော်ဘွယ် အနောက်ရပ်ကွက် ၃၅ လမ်း၊ ၈၇ လမ်းနဲ့ ၈၈ လမ်းကြားရှိ ဂိုဒေါင်တစ်လုံး မီးလောင်မှု ယနေ့မနက် ၁:၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မီးလောင်မှုတွင် အရန်မီးသတ် တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

 

"ပေါက်ကွဲတော့ လန့်သွားတာပါ။ ဒဏ်ရာက မစိုးရိမ်ရပါဘူး'' ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ 

 

ဂိုဒေါင်မီးလောင်မှုတွင် ပရဆေးများ၊ ဓာတ်မြေသြဇာများ၊ ရေချိုးခန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကို မနက် ၄:၄၅ တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးငြှိမ်းသတ် ရေဂါလံ ကိုးသောင်း၊ မီးကြွင်းမီးကျန် ငြှိမ်းသတ်သည့် ရေဂါလံ လေးသောင်းကို အသုံးပြု ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

 

မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့် အကြောင်းအရင်းနှင့် တရားခံကို ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

 

အိမို့မို့ခိုင် 
Photo -Than Htay facebook