မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ နိုင်ငံတကာခရီးသွားဧည့်သည် ခုနစ်သောင်းကျော် ဝင်ရောက်လေ့လာ

မန္တလေး   ၁၇   ဇန်နဝါရီ

 

၂၀၁၇ ခုနှစ်တွင် မန္တလေးမြို့သို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၄၈၃၇၈၄ ဦး ဝင်ရောက်လာသည့်အနက် မဟာမုနိဘုရားကြီးသို့ ဝင်ရောက်လေ့လာကြည့်ရှုကြသည့် ကမ္ဘာလှည့်ခရီးသွား ဦးရေ ၇၄၄၇၀ ဦးရှိကြောင်း အဆိုပါ ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မန္တလေးမြို့သို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိပြီး ဘာသာ၊ ယဉ်ကျေးမှု တူညီ၍ ရှေးဟောင်း အမွေအနှစ် ဗိသုကာလက်ရာများကို စိတ်ဝင်စားသော နိုင်ငံအများဆုံးက မဟာမုနိဘုရားကြီးသို့ လာရောက်၍ ပန်းချီကားများ၊ နှစ်ပေါင်း တစ်ထောင်ခန့် သက်တမ်းရှိ ကမ္ဘောဒီးယား (ခမာနိုင်ငံ)မှ အနုပညာလက်ရာများဖြစ်သည့် ကြေးရုပ်ကြီး မန္တလေးမြို့ မဟာမုနိဘုရားကြီးသို့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ခုနစ်သောင်းကျော် ဝင်ရောက်လေ့လာမှုများနှင့် မြန်မာနိုင်ငံတွင် အကြီးဆုံး သွန်းလုပ်ထားသည့် ကြေးစည်နှင့် မောင်းကြီးတို့ကို အထူးစိတ်ဝင်စား လေ့လာကြည့်ရှုကြကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 

“နိုင်ငံခြားသား ဧည့်သည်အများစုက ဒီကြေးရုပ်ကြီးတွေကိုမြင်ရင် ကျွန်တော်တို့ကို သမိုင်းကြောင်း ရှင်းပြခိုင်းပြီး သမိုင်းသိသွားတဲ့အတွက် ပိုပြီးစိတ်ဝင်တစား လေ့လာကြတယ်။ နှစ်ပေါင်း တစ်ထောင်က ကမ္ဘောဒီးယား လက်ရာတွေဆိုတော့ အမှတ်တရ အနေနဲ့ ဓာတ်ပုံတွေရိုက်ပြီး သူတို့နိုင်ငံက မိသားစုတွေကို ဗဟုသုတအနေနဲ့ ပြကြတယ်” ဟု ဧည့်လမ်းညွှန် ကလိုင်းက ပြေကြားသည်။

 

ဂျပန်နိုင်ငံမှ လာရောက်လည်ပတ်သူ မစ္စတာဂျွန်ဒေါစကီးကလည်း  “မန္တလေးမှာတော့ လည်ပတ်စရာ ရှေးဟောင်းနေရာတွေ အရမ်းများတယ်။  ဒီကိုရောက်ရင် တော်တော်နဲ့ မပြန်ချင်ဘူး။ နှစ်ပေါင်းတစ်ထောင်က ခမာလက်ရာတွေ ရှိတယ်ဆိုတော့ အံ့သြမိတယ်။ ကျွန်တော်က ကမ္ဘောဒီးယားလဲ ရောက်ဖူးပါတယ်။ မြန်မာနိုင်ငံကတော့ လည်ပတ်လို့ အကောင်းဆုံး နိုင်ငံတစ်ခုပါပဲ” ဟု ပြောကြားသည်။ 

 

မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးသို့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၈၀၁၆၈ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၁၂၃၁၄၂ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၇၉၀၆ ဦးနှင့် ၂၀၁၇ ခုနှစ်တွင် ၇၄၄၇၀ ဦးတို့ ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)