မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး ကွင်းဆင်းဆောင်ရွက်

ငါန်းဇွန်   ၂၂   ဇွန် 

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာရှိ မြို့ဦးပရဟိတ အုဋ်ကျောင်းတိုက်၌ ဇွန် ၂၁ ရက်နေ့က တိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ကျ၍ လူမှုစီးပွားဘဝ တိုးတက်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေးကို Mandalay Myotha Industrial Development Co.,Ltd  (MMID) အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ပေးရာတွင် မြို့ဦးပရဟိတအုဋ်ကျောင်းတိုက်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်လျှက်ရှိသော စက်ရုံအလုပ်ရုံများ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရန် အလုပ်လျှောက်ထား လိုသူများအတွက် (Job Fair) အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပံပိုးကူညီမှုကို MMID ကုမ္ပဏီ Corporate Social Responsibility(CSR) တာဝန်ခံ ဦးမင်းလွင်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

“အခုလို  အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပံ့ပိုးကူညီမှု(Job Fair) ဆောင်ရွက်ပေးခဲ့တာ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော်အတွင်း ပြည်တွင်းပြည်ပမှ စက်ရုံအလုပ်ရုံများ လာရောက်ရင်းနှီးမြှပ်နှံခြင်းနဲ့အတူ ဆီမီးခုံဆိပ်ကမ်းစီမံကိန်းအတွက် လုပ်သားဦးရေ ၄၀၊ စက်မှုဥယျာဉ် စီမံကိန်းမှာဆိုရင်  ဦးရေ ၁၄၈၀၊ နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်းဧရိယာ စီမံကိန်းအတွက်  ဦးရေ ၃၅၀ စုစုပေါင်း ၁၈၇၀ ဦး အလုပ်အကိုင်တွေ ရရှိနေကြပါပြီ။ ဆက်လက်ပြီးတော့လည်း ဒီနေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့တာ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၂ ရွာက အလုပ်လျှောက်လွှာ ၁၇၇၄ ဦးအတွက် Job Fair အနေနဲ့ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေး-မြို့သာ စက်မှုဥယျာဉ် မြို့တော် စီမံကိန်းရုံး (MIDCC) မှာလည်းပဲ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဌာနဖွင့်လှစ်ပြီး အနယ်နယ်အရပ်ရပ် က အလုပ်လျှောက်လွှာတွေကို လက်ခံပေးနေပါတယ်။ လက်ခံရရှိတဲ့ အလုပ်လျှောက်လွှာတွေကို စီမံကိန်းအတွင်း မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းစတဲ့ စီမံကိန်း လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ကျေးလက်နေပြည်သူတွေ အလုပ်အကိုင်ရရှိဖို့ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်” ဟု (CSR) တာဝန်ခံ ဦးမင်းလွင်ဦးက ပြောကြား၍ သိရသည်။ 

သက်နောင်ဦး(ငါန်းဇွန်)