မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးစတင်ကောက်ခံ

မန္တလေး  ၂ ဇူလိုင်


မန္တလေး မဟာမုနိရုပ်ရှင်တော်တွင် နိုင်ငံခြားသား ခရီးသွားများအား ဝင်ကြေးကောက်ခံမှုကို ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကောက်ခံခဲ့ကြောင်း မဟာမုနိရုပ်ရှင်တော်ဂေါပက အဖွဲ့မှ သိရသည်။

 

1

 


ဝင်ကြေးများကို ဂေါပကအဖွဲ့က တာဝန်ယူ ကောက်ခံသွားမည်ဖြစ်ကာ ဝင်ကြေးအနေဖြင့် နိုင်ငံခြားသားတစ်ဦးလျှင် မြန်မာကျပ်ငွေဖြင့် ကောက်ခံပါက ငွေကျပ် ၅၀ဝဝ၊ ဒေါ်လာအနေဖြင့် ကောက်ခံပါက အမေရိကန် ဒေါ်လာ သုံးဒေါ်လာခန့် ကောက်ခံသွားမည်ဟု မဟာမုနိ ရုပ်ရှင်တော်ဂေါပကအဖွဲ့မှ သိရသည်။

 

1

 


"မနေ့ကပဲ စကောက်တယ်။ ကောက်တဲ့အအချိန်မှာတော့ နည်းနည်းအခက်အခဲလေးတွေရှိတယ်။ တစ်ချို့တွေကျတော့ ဝင်ကြေး ကောက်ခံတာကို မသိသေးဘူး။ သိအောင် ဆိုင်းဘုတ်ထောင်တာတွေ လုပ်သွားမယ်။  အစပိုင်းဆိုတော့ ဒီလိုပါပဲ နောက်ပိုင်းအဆင်ပြေသွားမှာပါ။" ဟု မဟာမုနိရုပ်ရှင်တော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။


မဟာမုနိရုပ်ရှင်တော်သို့ လာရောက်လည်ပတ် လေ့လာသည့် နိုင်ငံခြားသား ခရီးသွားများကို ဘုရား၏ အရှေ့မုခ်၊ တောင်ဘက်မုခ်၊ မြောက်ဘက်မုခ်တို့တွင် Tourist Information Centre များ ဝန်ဆောင်မှု၊ ပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။


နိုင်ငံခြားသားများအတွက် ဘုရားကြီးသမိုင်းနှင့် လေ့လာစရာနေရာများ၊ နံရံဆေးရေးပန်းချီများအပြင် လမ်းညွှန်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။


ဝင်ကြေးကောက်ခံမှုကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံခြားသားများကို ဇုန်ဝင်ကြေးအဖြစ် တစ်သောင်းကျပ် ကောက်ခံထားပြီဖြစ်သည့်အတွက် သီးသန့်ထပ်မံကောက်ခံရန် မသင့်ဟုဆိုကာ ယခင်က ခွင့်မပြုခဲ့သော်လည်း ယခုအချိန်တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


သူရိန်လင်း