မွန်တို့အလှ ရှေးအက

မွန်တို့၏ အဆို၊ အက၊ အတီးအမှုတ်များကို အမြဲလိုလိုပင် မြင်နေကြားနေကြရသည်။ မွန်သီချင်းမှန်း သိချင်မှသိမည်။ မွန်အကဟု ခွဲခြားတတ်ချင်မှ ခွဲခြားတတ်ကြမည်။ မွန်ယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့က တူလွန်းဆင်လွန်းလှသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသော လူမျိုးများအနက် ရှေးအကျဆုံးထဲတွင် မွန်တို့လည်း ပါဝင်ကြသည်ဟု သမိုင်းဆရာတို့က ဆိုကြသည်။ မြန်မာပြည် အလယ်ပိုင်းတွင် ပျူတို့ကြီးစိုးကြစဉ် ပုသိမ်၊ မုတ္တမ၊ ဟံသာဝတီဟူသော ရာမညတိုင်း မွန်သုံးရပ်တွင် မွန်ယဉ်ကျေးမှုထွန်းကားနေ၏။

 

ယဉ်ကျေးမှုအမွေအနှစ် အများဆုံးကြွင်းကျန်နေသေးရာ ပုဂံမြေကို လေ့လာကြည့်ပါက မွန်နှင့် မြန်မာတို့၏ ရှေးယဉ်ကျေးမှု အမွေအနှစ် လက်ရာများစွာတို့ကို တွေ့ရပေမည်။ မွန်တို့သည် ရှေးကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် သီးခြားတည်တံ့ နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားများ ဖြစ်ကြသည်။

 

တစ်ဖန် မွန်တို့သည် ရှေးအခါက ယိုးဒယား၊ အိန္ဒိယ၊ သီဟိုဠ် စသော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံခဲ့သောကြောင့်လည်း ထိုနိုင်ငံများမှ ယဉ်ကျေးမှုအချို့ ကူးပြန့်လာဖွယ်ရှိသည်။ သို့သော် ကောင်းနိုးရာရာများကိုသာ ယူကာ မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို အထိမခံဘဲ ပေါင်းစပ်တီထွင်ခြင်းဖြင့် ပိုမိုခိုင်မာဝေဆာစေခဲ့သည်ဟု သုတေသီများက ရေးသားကြ၏။

 

ယခုအခါ ပြည်ထောင်စုကြီးအတွင်း မွန်ပြည်နယ်ရယ်ဟု ရှိလာပြီဖြစ်ရာ မွန်တို့၏ ယဉ်ကျေးမှုကို ကျယ်ပြန့်စွာ၊ နက်ရှိုင်းစွာ၊ ပီပြင်စွာ မြင်တွေ့လာကြရပြီဖြစ်သည်။

 

ပြည်ထောင်စုနေ့များတွင် မွန်အက္ခရာဖြင့် ဗေဒင်၊ အင်း၊ ပုရပိုက်၊ မွန်ဖတ်စာ စသည်တို့ကဲ့သို့သော ရှေးစာပေများမှသည် ယနေ့ထုတ်ဝေနေကြသော မွန်အကြောင်း စာအုပ်စာစောင်များ၊ ရှေးဟောင်း မွန်ယဉ်ကျေးမှုပစ္စည်းများ၊ မွန်တို့၏ လက်ရာထူးများ၊ မွန်လခြမ်းတူရိယာ၊ မွန်မိကျောင်းတူရိယာများကို တွေ့မြင်ကြရသည်။ နောက်ခံသမိုင်းကိုလည်း လေ့လာနိုင်ကြပြီ။ အကျယ်သိလိုသူတို့အတွက်လည်း ကိုးကားစရာရကြပြီ။ ရှာကြဖွေကြ သုတေသနပြုကြရန်လည်း စိတ်ကူးစိတ်သန်းများ နှိုးဆော်လျက်ရှိသည်။

 

မွန်တို့၏ အလှ၊ မွန်တို့၏ အကများကို ကား ပရိသတ်စိတ်အဝင်စားဆုံးဖြစ်သည်။ လူအများ တိုးကာဝှေ့ကာ ကြည့်ရှုကြသည်။ အားပေးကြသည်။ မှတ်သားကြသည်။ ဝေဖန်ထင်မြင်ချက်ပေးကြသည်။ အများဆုံးပြောဆိုကြသည်ကား မွန်အကဆိုသည်မှာ မကြာခဏဆိုသလို မြင်ဖူးနေကျ အကများသာတည်း။

 

မွန်အကနှင့် မြန်မာအကများ အဘယ်ကြောင့် ဆင်ကြသနည်း။ မွန်တို့သည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ လယ်ယာကိုင်းကျွန်းလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကျောင်းကြသည်။ ကျေးလက်ကို အခြေပြုကာ အေးအေးလူလူ နေထိုင်ကြသည်။ စကားအခေါ်တို့တွင်သာ ကွဲလွဲသော်လည်း အတွေးအခေါ် အယူအဆမှာမူ အတူတူလောက်ပင်။ ပြီးလျှင် အတူတကွ ဥမကွဲသိုက်မပျက် နေထိုင်ကြရကား ညီအစ်ကိုချင်းတို့ကြား အကများကို မည်သို့ ကန့်ထား၍ ရနိုင်ပါမည်နည်း။

 

မွန်တို့၏ ရှေးရိုးရာ အဆို၊ အတီး၊ အကများကို လေ့လာကြည့်ပါ။ ကျေးလက်တောရွာများကို အခြေခံပြီး ဆက်နွှယ်ရစ်ပတ်ကာ ရှင်သန်ပေါက်ဖွား ကြီးထွားလာခဲ့ကြောင်း တွေ့မြင်ရပေမည်။ ကျေးလက်တောရွာတို့၏ ကြည်နူးဖွယ်၊ သာယာဖွယ် အလှအပတို့၏ အသွင်သာ ထင်ဟပ်နေသည်ကိုလည်း ခံစားကြရပေမည်။

 

မွန်တို့၏အကများကို ယနေ့တိုင် အများဆုံး တွေ့မြင်နိုင်သည်ကလည်း ကျေးလက်တောရွာများသာ ဖြစ်နေသည်။

 

မွန်ယဉ်ကျေးမှုသည် မြို့ကြီးပြကြီးသို့ မရောက်တော့ဘူးလားဟု မေးချင်သူတော့ ရှိမည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ရှေးမွန်ဘုရင်တို့သာမက ပုဂံမှသည် ကုန်းဘောင်ခေတ်တို့အထိ မွန်ယဉ်ကျေးမှု တော်ဝင်ခဲ့သည်ကို အလွယ်တကူသိနိုင်ကြသောကြောင့်တည်း။

 

မြန်မာ့သဘင်တွင် နတ်ချင်း၊ နတ်သံ၊ နတ်ဒိုးများရှိသည်။ မွန်တို့တွင်လည်း နတ်ချင်း၊ နတ်သံ၊ နတ်ကန်တော့များရှိသည်။ မြန်မာ၊ ရခိုင်တို့ကဲ့သို့ပင် မွန်တို့တွင်လည်း လင်္ကာနှင့် သာချင်းများရှိကြသည်။

 

မွန်အကများကို လေ့လာကြသူတို့က မြန်မာတို့၏ ကိန္နရာအက၊ လှေတော်သံအက၊ ဓားအကကဲ့သို့ အကများလည်း မွန်တို့ ကခဲ့ကြကြောင်း ဖော်ပြကြသည်။ မွန်အကများကို မြည်းစမ်းကြည့်ကြပါစို့။ မွန်တို့၏ ရှေးရိုးရာအကများကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲလို့ရသည်။

 

၁။ ပွ ကချိန်း


၂။ ပွ ပလဲ


၃။ ပွ ဇား

 

ပထမအမျိုးအစားအကမှာ နွဲ့ပျောင်းနူးညံ့သိမ်မွေ့သည့် ကကြိုး၊ ကကွက်၊ ကဟန်များ ပါဝင်သည်။ ယင်းကို အခြေခံဖန်တီးထားသည်။ မွန်တို့၏ ရှေးနှစ်ပါးသွားအကတွင် အများဆုံးတွေ့မြင်နိုင်၏။ ဇာတ်စင်ဟူ၍ သီးခြားမရှိလှဘဲ မြေညီပြန့်ပြန့် သို့မဟုတ် တလင်းပြင်တွင် ကပြကြသည်။ မင်းသားနှင့် မင်းသမီးတို့က ကပြကြရင်း သီချင်းကိုပါ အသားပေးသီဆိုကြရ၏။ သီချင်းကလည်း အချီအချ အမေးအဖြေ သီချင်းဖြစ်သည်။ တစ်ကျော့စီ သီဆိုကြရသည်။ အစောင်းအချိတ်၊ အထေ့အငေါ့၊ အရှောင်အတိမ်းများကြောင့် ပရိသတ်မှာ ရယ်မောကြရနှင့်မို့ လူရွှင်တော်ပင် ထည့်ရန်မလိုတော့ပေ။ ယင်းအကကို အဆိုတော်များ၏ အကဟုလည်း ခေါ်ကြသည်။

 

မွန်တို့၏ ဤမြေဝိုင်းအကသည် ဘာလီကျွန်းသူ ကျွန်းသားတို့၏ နှစ်ပါးသွားအကနှင့် ဆင်သည်ဟု ပညာရှင်များက ဆိုကြသည်။ မွန်မင်းသမီး မွန်မင်းသားတို့က ခြေ၊ လက်၊ ခါး၊ ဦးခေါင်း၊ ပခုံး ဖြည်းညင်းစွာ လှုပ်ရှားလှည့်ပြောင်းပြီး ဝေ့ကာယိမ်းကာ ကပြကြသည်။ သီချင်းကိုလည်း အသံလေးလေး အေးအေးမြမြဖြင့် ဆိုကြသည်။ တီးမှုတ်ရာတွင်လည်း မိကျောင်းတူရိယာကို အသားပေး၏။ တူရိယာသံမှာ ကဟန်၊ ဆိုဟန်ကိုလိုက်၍ အသံအတက်၊ အကျ အကူးအပြောင်းတွင် ဖြည်းဖြည်းမှန်မှန် ကူးပြောင်းတီးခတ်ကြသည်။

 

မွန်ပြည်နယ် ကျေးလက်ဒေသများတွင် ကပြနေကြဆဲ နှစ်သက်နေကြဆဲပင်။

 

ပွ ပလဲခေါ် ဒုတိယအမျိုးအစားကမူ ဆန့်ကျင်ဘက်။ ခပ်ရွှင်ရွှင်၊ ခပ်သွက်သွက် ဆိုကြ၊ တီးကြ၊ ကကြရသည်။ ကြည့်နေကြသူများကို စိတ်ဝယ်ကြည်လင်ရွှင်လန်းစေသည်။ တက်ကြွစေသည်။ မြူးတူးစေသည်။ ကိုယ်တိုင် သီဆိုချင်၊ ကခုန်ချင်လာစေသည်။ ကကြသည့် နေရာများကိုလည်း ကြည့်ပါဦး။ လူအများရှိရာ ဘုရားပွဲ၊ အလှူပွဲ၊ ရှင်လောင်းပွဲ၊ လယ်ပွဲတို့တွင်ဖြစ်သည်။

 

တီးမှုတ်သော တူရိယာနှင့် တီးဟန်၊ ဆိုဟန်၊ ကဟန်တို့မှာ တစ်မူထူးခြားသည်ကား အမှန်။ သို့သော် သဘောကမူ မြန်မာတို့၏ အိုးစည်၊ ဒိုးပတ်ကဲ့သို့သော အကမျိုးတည်း။ တစ်ဦးချင်းကရာသို့ အဖွဲ့လိုက်ဝင်၍ တပျော်တပါး ကကြသည်လည်းရှိ၏။

 

အမျိုးသမီးတစ်သိုက်က ညောင်ရေအိုးကိုယ်စီနှင့် ဘယ်ညာယိမ်းကာနွဲ့ကာဖြင့် ကကြပြီး နောက်မှ ရွာသားတစ်ဦးက ပလွေဖြင့်ကြူကာ နောက်မှနေ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်နှင့် ရွှင်မြူးဖွယ်သရုပ်ဖော်ကပြကြသည်လည်းရှိ၏။ ခုန်ဟန်မြူးဟန်ကို အသားပေးသည် လည်းရှိသည်။ အလမ္မာယ်ကစားဟန်၊ ဆင်ဖမ်းဟန်၊ ကျော့ဟန်တို့ကို ပရိသတ်တို့ ခံစားလာနိုင်အောင် ကပြကြသည်လည်းရှိသည်။

 

တတိယ အမျိုးကားဇာတ်ပွဲအကဖြစ်သည်။ ပွဇားဟုခေါ်သည်။ မွန်ဘာသာစကားဖြင့် ပြောကြဆိုကြသည်။ ကကွက်များတွင် မွန်ကကွက်များကို တွေ့မြင်ကြပေမည်။ သို့သော် ဇာတ်ပွဲစီစဉ်ရာတွင်မူ မြန်မာတို့နှင့် အတူတူပင်။ ဇာတ်လမ်းဇာတ်ကွက် တည်ဆောက်ပုံကိုလည်း ကြည့်ပါ။ မြန်မာဇာတ်များကဲ့သို့ပင် ဗုဒ္ဓဝင်၊ ရာဇဝင်၊ မဟာဝင်၊ နိပါတ်၊ သိုက်သမိုင်း စသည်များမှ ရယူအခြေခံသည်။ မွန်မြေဝိုင်းနှစ်ပါးသွားအက၊ တစ်ပင်တိုင်အက၊ ယိမ်းအက စသည်များတွင် အခြေခံကကြိုးကကွက်ဖြစ်သော မွန် ၁၂ ခန်းမှ ကဟန်များ သူ့နေရာနှင့်သူ ပါဝင်နေကြသည်။ မြန်မာ့သဘင်တွင်လည်း အပျိုတော် ၁၂ ခန်းဟု ရှိခဲ့သည်မဟုတ်ပါလား။

 

၁။ ကျေးငှက်အက။ သပြေတစ်ပင်ကို ကျေးငှက်များ ဝိုင်းအုံနေကြ၊ ထိုးဆိတ်စားနေကြ၊ လေဝေ့ရာတွင် ကြွေကျလာသည့် သပြေသီးမှည့်များကို ဝဲကာပျံကာ လိုက်လံထိုးဆိတ်ကြဟန်ကို နမူနာယူကာ ရှေးမွန်တို့ တီထွင်ခဲ့သည်ဟု ယူဆသောအကဖြစ်သည်။ လက်ညှိုးနှင့် လက်မဝိုင်း၍ လက်သုံးချောင်းထောင်၍ ကသည့်ဟန်အများဆုံးပါဝင်၏။

 

၂။ ယပ်တောင်အက။ ယပ်တောင်၏ ပြန့်ကားဟန်ကို နမူနာယူပြီးထွင်သည်ဟု ယူဆကြသည်။ မွန်ယိမ်းအသီးသီးကို ကြည့်ပါ။ ယိမ်းသမအချောအလှလေးများ ကနေစဉ် အနေအထားကူးပြောင်းပုံနှင့် လက်ဝှေ့ယမ်း လှုပ်ရှားပုံများသည် ယပ်တောင်၏ ပုံသဏ္ဌာန်နှင့်တူ၏။ ယပ်တောင်ခတ်သည့်ဟန်ကို တွေ့မြင်ရ၏။ ယပ်တောင်ကိုပိုက်၍ ကနည်းဟုလည်း ခေါ်ကြသည်။

 

၃။ ကြာဖူးအက။ ပဒုမ္မာကြာ ဖူးဟန်၊ ငုံဟန်၊ ပွင့်ဟန်တို့ကို အဆင့်ဆင့်ကပြကြသည်။ လက်ချောင်းအားလုံးကို စု၍ထောင်ကာ ကလေ့ရှိကြသည်။ အထူးသဖြင့် ရှေးမွန်တို့ တစ်ပင်တိုင်အကတွင် ကြာဖူးအကကို နေရာပေးထည့်သွင်းကြ၏။

 

၄။ ကိန္နရာအက။ လူတစ်ပိုင်း၊ ငှက်တစ်ပိုင်း ကိန္နရီ၊ ကိန္နရာတို့၏ ပျံသန်းပျော်မြူးကြဟန်ကို ကကြိုးကကွက် တီထွင်ထားသည်။ ကိန္နရီမောင်နှံတို့ တောင်ပံယှက်ကာ ဝဲပျံကြသည့်ဟန်၊ ကကြိုးများနှင့် အတောင်ပံခတ်သည့်ဟန် လက်ခုံကလေးများ တဖျပ်ဖျပ် လှုပ်ရှားကနေပုံများကို သရုပ်ဖော်သည်။ ကိန္နရီယိမ်းများမှာသာမက နှစ်ပါးသွားများ တွင်လည်း တွေ့ရသည်။

 

၅။ ကြက်တညင်အက။ ကြက်ဖက ကြင်ဖော်ကြက်မကိုမြင်၍ တွေ့ဆုံကြည်နူးဟန်ကို သရုပ်ဖော်သည်။ မွန်မြေဝိုင်းနှစ်ပါးသွားအကတွင် တွေ့ရတတ်၏။ မင်းသမီးက မလှမ်းမကမ်းတွင် ညှို့ဟန်ဖြင့်ကနေဆဲ မင်းသားက ကြက်ဖဟန်ဖြင့် ဆောင့်ကြောင့်ထိုင်ရာမှ ခွပ်ဟန်ပြေးဟန် မင်းသမီးအား ဝေ့ကာဝိုက်ကာ လှည့်ကာပတ်ကာ ကပြကြသည်။

 

၆။ ပန်းဝိုင်းအက။ ပန်းခူးပြီး လှူဒါန်းဟန်ကို ပန်းမပါဘဲ ကြည့်လိုစိတ်ဝယ် ထင်ဟပ်လာအောင် ကပြကြသည်။ ဘုရားပွဲများ၊ အလှူပွဲများတွင် ခပ်သွက်သွက်၊ ခပ်ရွှင်ရွှင်၊ ခပ်မြူးမြူး၊ ခပ်ကြွကြွ ကပြကြသည်။

 

၇။ လှေလှော်အက။ မွန်တို့၏ ဂီတတွင် လှေလှော်သံ ရေကင်းသံတို့ရှိသည်။ မွန်ဇာတ်များတွင် မြစ်ချောင်းပင်လယ်ခရီးများ ပါဝင်သည်။ ဖောင်လှေတို့ဖြင့် သွားလာကြသည်။ ဘုရင့်လှေတော် သို့မဟုတ် ကရဝိက်ဖောင်တော် ရှိသည်။ အလှူပွဲများတွင် ဘုန်းတော်ကြီးလှေကို မွန်အမျိုးသားတို့က လှေဖြင့် ဆွဲယူ လှော်ခတ်ကြရသည်ကို အကြောင်းပြုကာ လှေလှော်အကဖြစ်လာသည်။ မွန်တူရိယာဝိုင်းမှ လှေလှော်သံအလိုက် တီးမှုတ်သီဆိုသည်နှင့်အညီ မွန်ကချေသည်များက လိုက်ပြီးကကြ၏။

 

၈။ ပန်းကစားအက။ မြန်မာနတ်ကန်တော့နှင့်ဆင်သော နတ်ချင်းသံကိုလိုက်ပြီး ကရသည်။ လက်တစ်ဖက်တစ်ချက်တွင် ပန်းစည်းများကိုင်ကာ နတ်ဒိုးနတ်သံအလိုက် ဘယ်မှ ညာသို့၊ ညာမှဘယ်သို့ ယိမ်းကာကပြကြရသည်။ မွန်ရိုးရာနတ်အကမှ ဆင်းသက်လာသော အကဖြစ်သည်။

 

၉။ မိုးနတ်သားအက။ လက်ညှိုးကို အဓိကထားပြီး ကကြသည်။ ဘီလူးကဟန်များလည်း ပါသည်။ လက်ညှိုးညွှန်နတ်သားအကဟုလည်း ခေါ်ကြသည်။

 

၁ဝ။ အရှေ့တိုင်းအက။ ယိုဒယားဘက်မှ လာသောအကဟု ထင်သူများက ထင်ကြသည်။ မွန်တို့အခြေစိုက်ခဲ့ရာ မွန်မြို့ဟောင်း နယ်ဟောင်းမှလာသည်ဟု ယူဆသူများလည်း ရှိ၏။ ယပ်တောင်ကဟန်ကို အခြေပြုလျက် ကိုယ်ကို ညွှတ်၍ကိုင်း၍ ကရသည်။

 

၁၁။ ဓားအက။ သိုင်းကွက်ဖြင့် ဟန်ရေးပြကခြင်းမဟုတ်၊ မွန်တို့၏ ဇာတိမာန်အကလည်း ဖြစ်၏။ ဓားနှစ်လက်ကို အားရပါးရ ဆုပ်ကိုင်ကာ ခုန်ပေါက်ကခုန်သောကြောင့် ကြည့်ရသူ ရင်တွင်းအေးကနဲဖြစ်သည်များ၊ ရဲသွေးတက်လာသည်များကို ခံစားကြရမည်။ ဓားကိုင်၍ ခုန်ရာတွင် ခြေစုံခုန်ရသည်။ စစ်တက်ဟန်၊ ဆုတ်ဟန်တို့ကိုလည်း ထည့်သွင်းထားသည်။

 

၁၂။ ပလေးဟလန်းအက။ တူရိယာသံ အကြီးအငယ်၊ အလေးအပေါ့၊ အရွှင်အဆတ် အသံပြောင်းပုံကို လိုက်လျောညီထွေဖြစ်အောင် ကပြရသည့် အကမျိုးဖြစ်သည်။ လခြမ်းတူရိယာနှင့် တွဲဖက်အသုံးတော်ခံလေ့ရှိသည်။ ကျေးငှက်အက၊ ကြာဖူးအကတို့တွင် ဤကနည်း၏ ကကြိုးများပါနေသည်ကို တွေ့မြင်ရပေမည်။

 

ဤရှေးအကများကား မွန်တို့၏ အလှများပင် မဟုတ်ပါလား။