မန်းရွှေစက်တော်ဘုရားကြီးမှ တည်းခိုဆောင်များ ယခုလအပြီး ဖျက်သိမ်းပေးရန် ညွှန်ကြားထား

မင်းဘူး ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ဘုရားကြီးမှ တည်းခိုဆောင်များ ယခုလအပြီး ဖျက်သိမ်းပေးရန် ညွှန်ကြားထားကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။

မန်းရွှေစက်တော် ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ပြီး နစ်ဆန်း ၁ ရက်နေ့မှ စတင်ကာ အောက်ခြေတော်ရာ ဖန်အုပ်ဆောင်းနှင့် အထက်ခြေတော်ရာ သံတံခါးများ ပိတ်သိမ်းထားကြောင်း သိရလည်းသည်။

ဘုရားပွဲတော်ကို နှစ်စဉ် ၃ လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး နှစ်ဆန်း ၁ ရက်နေ့ နောက်ပိုင်းတွင် ပါဒစေတီတော်များမှ ဖန်အုပ်ဆောင်းနှင့် သံတံခါးများ ပိတ်ထားကြောင်း၊ တည်းခိုဆောင်များနှင့် ဈေးဆိုင်များ မိုးဦးကာလ တောင်ကျချောင်းရေများ၏ ရေကြီးရေလျှံမှုအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် အနီးအနားကျေးရွာများမှ လာရောက်ရောင်းချကြသော ဈေးဆိုင်များကို ရေလွတ်ရာသို့ ရွှေ့ဆောက်စေပြီး တည်းခိုဆောင်များအား ဖျက်သိမ်းထားရ‌ကြောင်း၊ ဘုရားဖူးလာ ပြည်သူများအနေဖြင့် ကုန်းတော်ပေါ်မှ အထက်စက်တော်ရာကို တစ်နှစ်ပတ်လုံး ဖူးမြော်နိုင်ကြောင်း ရွှေစက်တော် ဂေါပကဒုတိယဥက္ကဋ္ဌ ဦးထွန်းဝေက ပြောသည်။

ဇေယျာထက်(မင်းဘူး)