မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက မန်းရွှေစက်ဘုရားပွဲတော်ကြီးကို အစဉ်အလာမပျက် ဖွင့်လှစ်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နိုင်ဦးကျော်တို့က ပွဲတော်ကျင်းပစဉ်ကာလအတွင်း ဘုရားမိဘပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်သွားမည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားဂေါပကအဖွဲ့ဝင်များက မန်းရွှေစက်တော်ဘုရား ဩဝါဒဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက အထက်စက်တော်ရာ ခြေတော်ရာသံတံခါးနှင့် အောက်ခြေတော်ရာ ဖန်အုပ်စောင်းကို ဖွင့်လှစ်သွားမည့် အစီအစဉ်များ၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြမှုများအပေါ် မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် (တပို့တွဲလဆန်း ၅ ရက်)တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဘုရားဖူးလာရောက်သူများကို ရွှေစက်တော်အဝင် လှေတင်တံတားထိပ်တွင် ကျန်းမာရေးစစ်ဆေးမှုအနေဖြင့် ကိုယ်အပူအချိန်တိုင်းတာခြင်းနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသော အထောက်အထားစစ်ဆေးမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက နေ့စဉ်အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားပွဲတော်ကာလမှာ နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

 

မောင်မောင်(မင်းဘူး)