မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ နဂါးပွက်တောင်တော်တွင် ဘုရားဖူးလာရောက်သူများဖြင့်စည်ကား

မင်းဘူး  ၁၀ ဖေဖော်ဝါရီ    

 

မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော် ဘုရားပွဲတော်ကို တန်ပို့တွဲလဆန်း ၅ ရက်မှ နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ပွဲတော်ကာလတွင် မင်းဘူးနဂါးပွက်တောင်တော်၌ ဘုရားဖူး လာရောက်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရှိရသည်။

 

"ပုံမှန်ဆိုရင် မနက် (၆) နာရီမှ ည(၇) နာရီအထိ ဖွင့်လှစ်ပြီး ယခုလို ပွဲတော်ကာလမျိုးတွင် (၂၄)နာရီ ဖွင့်လှစ်ထားပါတယ်၊  ဘုရားဖူးတွေ နားနေဖို့ နေရာတွေလဲ စီစဉ်ထားပါတယ်၊ ရေလောင်းအိမ်သာများလည်း တိုးချဲ့ဆောက်လုပ် ထားပါတယ်၊ ယခုနှစ်မှာဆိုရင် ဘုရားဖူးပြည်သူများ အမှတ်တရ ပစ္စည်းများ ဝယ်ယူနိုင်ရန် အမတော်တောင် နဲ့ မောင်တော်တောင်ကြားမှာ ဒေသထွက် ပစ္စည်းအရောင်းဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချခွင့် ပြုထားပါတယ်၊ ပွဲတော်ရက်ဆိုတော့ ဈေးသည်တွေလည်း တအားရောင်း ကောင်းပါတယ် '' ဟု နဂါးပွက် တောင်တော် သာယာလှပရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

 

"ကျွန်တော်တို့ ရုံးပိတ်ရက်မှာ မိသားစုနှင့်အတူ ဘုရားဖူးထွက်လာတာပါ၊ မင်းဘူးမြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ နဂါးပွက်တောင်တော်နဲ့ စက္ကိန်းတဲစေတီတော်တွေကို ဖူးမြော်ပြီး ဒီကနေ မန်းရွှေစက်တော် ဘုရားကို သွားကြမှာပါ၊ အဲဒီမှာ ၂ ညအိပ်ပြီးမှ ရန်ကုန်ကို ပြန်မှာဖြစ်ပါတယ်" ဟု ဘုရားဖူး လာရောက်သူ မီးရထားဝန်ထမ်း ဦးစံသိန်းက ပြောကြားသည်။

 

အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ မန်ရွှေစက်တော်ဘုရားသို့ လာရောက်ဖူးမြော်ရင်း နဂါးပွက်တောင်သို့ ဝင်ရောက်လေ့လာကြသည့်အတွက် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

 

မျိုးမြတ်(မင်းဘူး)