မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးကြမယ်ဆိုတော့ လွှတ်တော်အနေနဲ့ကလည်း လှိုက်လှဲစွာကြိုဆိုပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဦးတင်မောင်ဝင်း (ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ) မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးကြမယ်ဆိုတော့ လွှတ်တော်အနေနဲ့ကလည်း လှိုက်လှဲစွာကြိုဆိုပါတယ်။ တိုင်းပြည်တိုးတက်ဖို့က ဘာလိုသလဲဆိုတော့ ငြိမ်းချမ်းရေးပါပဲ။ Infrastructure  တွေ လုပ်ဖို့ဆိုတာ ငြိမ်းချမ်းရေးမရဘူးဆိုရင် မဖြစ်နိုင်ဘူး။ လမ်း၊ တံတားတွေ စတဲ့   Infrastructure တွေ လုပ်ဖို့ဆိုရင် အရင်ဆုံး ငြိမ်းချမ်းမှပဲ ရမယ်။ လောလောဆယ် အခုဖြစ်နေတာက မန္တလေး - မူဆယ် လမ်းကြီးဆိုရင် အမြဲတမ်းကျပ်တယ်။ အဲဒီမှာ လမ်းအသစ်ဖောက် မယ်ဆိုရင်တောင် ဖောက်လို့ရတယ်။

 

ဟိုတုန်းကတော့ နည်းပညာအရ တောင်ကိုတွေ့ရင် ကွေ့ပတ်ဖောက်ရတယ်။ ဒီနေ့ခေတ်မှာ တိုးတက်လာတဲ့ နည်းပညာအရ တောင်ရှိရင် ဖောက်ထွက်မယ်၊ တည့်တည့်သွားမယ်။ အဲဒီလိုတွေလုပ်ဖို့က မငြိမ်းချမ်းတဲ့ နယ်မြေမှာဆိုတော့ဘာမှ လုပ်လို့မရဘူး။ ငြိမ်းချမ်းသွားရင် ဒါတွေဟာ ချက်ချင်း ဖြစ်လာမှာ။ အဲဒါတွေလုပ်ဖို့အတွက် ADB တို့ World Bank တို့က ပေးထားတဲ့ငွေကလည်း ရှိပြီးသားပါ။ ငြိမ်းချမ်းရေးရရင် ဒီအခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပြီးတော့ အရာအားလုံး ဖြေရှင်းလို့ရပါတယ် ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN