နေပြည်တော် အောက်တိုဘာ ၁၄
၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံး အသင်းအတွက် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားနှင့် ကာယသိပ္ပံ(မော်လမြိုင်)မှ သင်တန်းသူသင်တန်းသားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအနေနှင့် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ပြင်းပြင်းထန်ထန်လေ့ကျင့် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် ကျွမ်းကျင် ပိုင်နိုင်မှုတို့ကို ပေါင်းစပ်၍ စိတ်ဓာတ်ကောင်းမွန်ခြင်းကို အခြေခံပြီး တရားမျှတစွာ ဝင်ရောက် ယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေး နိုင်ရုံသာမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံ ကြိုးစားစေ လိုကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ရာ အသင်းတာဝန်ရှိသူများက လက်ခံရယူပြီး မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်မှ မွန်ပြည်နယ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးအသင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေ၊ အသင်း နည်းပြချုပ် ဦးမင်းသူမှ ဘောလုံးအသင်းလေ့ကျင့်ထားရှိ အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး အသင်းအတွက် ထောက်ပံ့ငွေများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
၂ဝ၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးအသင်းကို မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲများနှင့် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲများမှ ထူးချွန်သော အားကစားသမားကောင်းများကို ရွေးချယ်ထားကြောင်း သိရသည်။
(သတင်းစဉ်)


