မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ 

နေပြည်တော် ၁၅ မေ 

Laparoscopic-Endoscopic Surgery for ASEAN People Project အရမှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှု မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) ၌ ကျင်းပသည်။

 

1000

 

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခြင်းသည် မြန်မာနိုင်ငံ မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှု ပညာရပ် ပိုမိုတိုးတက် ဖွံ့ဖြိုးရေးအတွက် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေးကဏ္ဍအပါအဝင် ကျန်းမာရေးကဏ္ဍလုပ်ငန်းများတွင် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

ယခုကဲ့သို့ ပညာရပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း ဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုးတက်လာမှုနည်းပညာ၊ စက်ကိရိယာပစ္စည်းများဖြင့် မှန်ပြောင်းအသုံးပြုခွဲစိတ် ကုသမှုများသည် သမားရိုးကျ ခွဲစိတ်ကုသမှုများထက် ခွဲစိတ်ကုသမှုခံယူစဉ် သွေးထွက်နည်းခြင်း၊ ခွဲစိတ်ပြီးနောက် ဆေးရုံ၌နေရသည့် ကာလတိုမှု၊ နာကျင်ခြင်းနှင့် အနာရွတ်ဖြစ်ခြင်း သက်သာမှု စသည့် များစွာသော အကျိုးကျေးဇူးများရှိပါကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုတွင် ဆောင်ရွက်မည့် မှန်ပြောင်းအသုံးပြု ခွဲစိတ်ကုသမှုများသည် အဆင့်အတန်းမြင့်မား ကောင်းမွန်ပါကြောင်း၊

ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် ထိုင်းနိုင်ငံမှ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု အထူးကုဆရာဝန်ကြီးများ အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊ ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့် ခိုင်မာအားကောင်းစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ Rajavithi ပြည်သူ့ဆေးရုံကြီးမှ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ခေါင်းဆောင် Dr. Sa-ard Treepongkaruna က နှုတ်ခွန်းဆက်စကားပြောကြားကာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀ဝ၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာပပက ကျေးဇူးတင်စကား ပြောကြားသည်။ 

အဆိုပါ မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုပညာရပ် မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်းတွင် ထိုင်းနိုင်ငံ Rajavithi ဆေးရုံကြီးမှ မှန်ပြောင်းအသုံးပြုခွဲစိတ်မှု အထူးကုဆရာဝန်ကြီးနှင့် အထူးကုဆရာဝန်ကြီး(၂၄)ဦး၊ သူနာပြု (၃၆) ဦးတို့နှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် -၁၀ဝ၀)၊ နေပြည်တော် သားဖွားနှင့် မီးယပ်အထူးကုဆေးရုံကြီးနှင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်းချောင်းရောဂါ အထူးကုဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုများပူးပေါင်း၍ မှန်ပြောင်းအသုံးပြု ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ပြုလုပ်သွားမည်ဖြစ်ပြီး မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုဆိုင်ရာ မေ့ဆေးပညာ၊ သူနာပြုစုမှုပညာနှင့် ခွဲစိတ်မှုပညာဆိုင်ရာ နောက်ဆုံးပေါ် အချက်အလက်များကို မျှဝေဖလှယ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် ပြည်သူလူထုအတွင်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်း ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါဖြစ်ပွားမှု များပြားလျက်ရှိသဖြင့် ပြည်သူလူထုအတွင်း အဆိုပါရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို အမျိုးသားအဆင့်လုပ်ငန်းအဖြစ် အထူးဦးစားပေးသတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါများ၏ နောက်ဆက်တွဲအနေဖြင့်လည်း နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါများ ဖြစ်ပွားနိုင်ပြီး အဆိုပါရောဂါများ ဖြစ်ပွားခံစားရသူများတွင် ဘဝနေထိုင်မှု အရည်အသွေးကျဆင်းခြင်း၊ ပုံမှန်အလုပ်မလုပ်နိုင်သဖြင့် ဝင်ငွေလျော့နည်းခြင်းနှင့် သက်တမ်းမစေ့မီ သေဆုံးခြင်းတို့အပြင် နိုင်ငံတော်အတွက် ကာယစွမ်းအားနှင့် ဉာဏစွမ်းအားများ ဆုံးရှုံးရခြင်းတို့ ဖြစ်ပွားနိုင်ပါကြောင်း၊

နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို အမျိုးသားအဆင့် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘက်စုံရှုထောင့်မှ ဝိုင်းဝန်းဆောင် ရွက်သွားကြပါရန်နှင့် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဘဏ္ဍာငွေအပါအဝင် ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ်က ပြည်သူလူထုအတွင်းနှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ၊

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ ဆီးချိုသွေးချိုနှင့် ဟော်မုန်းရောဂါကုဌာနမှ ပါမောက္ခ/ ဌာနမှူးပါမောက္ခ ဒေါက်တာကိုကိုက ပြည်သူလူထုအတွင်း နှလုံးသွေးကြောရောဂါ ကာကွယ်ရေးအတွက် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်တတ်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်ကံကောင်းက ဆီးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးပေးခန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အသေးစိတ်ဆွေးနွေးအကြံပြုမှုများ ဆောင်ရွက်ခဲ့ကြသည်။

(သတင်းစဉ်)