ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အရေးပေါ်ကုသရမည့်လူနာများ၊ ခွဲစိတ်ကုသရမည့်လူနာများ၊ ကလေးမွေး မည့်မိခင်များ၊ ပုံမှန်သွေးသွင်းနေရသည့် နာတာရှည်ဝေဒနာရှင်များ စသည်ဖြင့် သွေးလိုအပ်သည့် လူနာများမှာ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီ၍ရှိနေသည်။ အသက်ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံစိတ်ချရသော သွေးလိုအပ်ချက်သည် စက္ကန့်တိုင်းတွင် ကမ္ဘာ့တစ်နေရာရာ၌ ရှိနေသော်လည်း သွေးရရှိမှုမှာ နည်းပါးလျက်ရှိသည်။ သို့ဖြစ်ရာ သွေးဘဏ်များသည် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သွေးရရှိနိုင်ရန် အဖိုးအခငွေကြေးတစ်စုံတစ်ရာမယူဘဲ စေတနာအလျောက် ပုံမှန်သွေးလှူကြသည့် စေတနာသွေးလှူရှင်များကို ကြိုးစားရှာဖွေနေကြရသည်။
မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာနတစ်ခုရှိပြီး မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ်များ စုစုပေါင်း ခုနစ်ခုရှိသည်။ ထို့အပြင် ခုတင် ၂ဝဝ နှင့် ခုတင် ၁၀၀ ဆံ့ဆေးရုံများတွင် ဓာတ်ခွဲခန်းနှင့် တွဲဖက်ထားသည့် သွေးဘဏ်များ တိုးချဲ့ဖွဲ့စည်းထားပြီး Blood Management System (BMS) Software တပ်ဆင် အသုံးပြုလျက်ရှိသည်ဟု သိရသည်။ အမျိုးသားသွေးဌာနသည် အကြမ်းဖျင်းအားဖြင့် နေ့စဉ် သွေးယူနစ် ပေါင်း ၃၀၀ ခန့်ကို ဆေးရုံများသို့ ဖြန့်ဝေပေးနေရာ တစ်လလျှင် သွေးယူနစ် ၁၀၀၀၀ ခန့်၊ တစ်နှစ်လျှင် သွေးယူနစ်ပေါင်း တစ်သိန်းနီးနီး ဖြန့်ဝေပေးနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းအရေအတွက်ခန့်ရှိ သော လူနာများသည် ငွေကြေးကုန်ကျမှုမရှိ၊ သွေးလှူရှင်ရှာဖွေရမှုကင်းဝေးစွာဖြင့် လိုအပ်သည့် သွေးအမျိုးအစား၊ သွေးပစ္စည်းများရရှိပြီး ကုသမှုခံယူနိုင်ခဲ့ကြသည်။
အသက်ရှင်သန်ရေးအတွက် လုံခြုံစိတ်ချရသော သွေးလိုအပ်သည့် လူနာအများစုတို့မှာ သွေးလှူခြင်းကို မွန်မြတ်သော ဇီဝိတဒါနအဖြစ်ခံယူပြီး စဉ်ဆက်မပြတ် လှူဒါန်းနေကြသည့် စေတနာ သွေးလှူရှင်များကို အားကိုးအားထားပြုနေကြရခြင်းဖြစ်သည်။ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပျမ်းမျှ သွေး ၅ ဒသမ ၆ လီတာ ခန့်ရှိရာ သွေးလှူရာတွင် သုညဒသမ ၄၅ လီတာရှိသည့် သွေးပမာဏကိုသာ ထုတ်ယူခြင်း ဖြစ်သည်။ ၎င်းသွေးထုထည်ပမာဏသည် သွေးလှူပြီးနောက် ၂၄ နာရီအတွင်း ပြန်လည်ပြည့်သွားပြီး သွေးနီဥများမှာလည်း ၃-၄ ပတ်အတွင်း သူ့အလိုလို ပြန်လည်ပြည့်သွားသည်။ သွေးလှူရှင်တစ်ဦး သွေးလှူသည့်အခါ ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများက သွေးထုတ်ယူခြင်းကိုပြုလုပ်ပြီး မိနစ် ၃၀ ခန့်သာကြာမြင့်သည်။ ထုတ်ယူပြီးသည့်သွေးများကို အိတ်ချ်အိုင်ဗွီ၊ အသည်းရောင်(ဘီ)(စီ)၊ ဆစ်ဖလစ် ရောဂါ ရှိမရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်သောသွေးကိုသာ အသုံးပြုခြင်းဖြစ်သည်။
သွေးလှူမည့်သူသည် အသက် (၁၈) နှစ်မှ (၅၅) နှစ်အတွင်း ဖြစ်ရမည်ဖြစ်ပြီး အမျိုးသား ကိုယ်အလေးချိန် ပေါင် ၁၁၀ အထက်၊ အမျိုးသမီး ကိုယ်အလေးချိန် ပေါင် ၁၀၀ အထက်ရှိရန်လိုသည်။ သွေးမလှူခင် အိပ်ရေးဝစွာအိပ်စက်ထားရန်၊ အရက်သောက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းမရှိရန်၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်မဖြစ်ရန်၊ လတ်တလောရောဂါဝေဒနာမရှိရန် စသည်တို့လည်း လိုအပ်သည်။ လွန်ခဲ့သော ၆ လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်းမရှိသူဖြစ်ရန်လည်း လိုသည်။ သွေးလှူပြီးနောက် (၄) လပြည့်ပြီးတိုင်း သွေးပြန်လည်လှူဒါန်း နိုင်သည်။ စေတနာသွေးအလှူရှင်တစ်ဦး လှူဒါန်းလိုက်သည့် တစ်ကြိမ်စာ သွေးအလှူ( သုည ဒသမ ၄၅ လီတာ) သည် သွေးလိုအပ်နေသည့် လူနာသုံးဦးကို အကူအညီပေးနိုင်သည်။
“သွေးသည် အသက်” ဖြစ်ရာ ရောဂါဝေဒနာ ခံစားနေရသူများအတွက် မရှိမဖြစ်လိုအပ်သောသွေးကို ပေးလှူကြသည့် စေတနာသွေးလှူရှင်များမှာ ဇီဝိတဒါနကုသိုလ်ရှင်များဖြစ်ကြသည်။ သွေးလှူရှင်တစ်ဦး သည် သွေးလှူဒါန်းပြီးနောက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကောင်းကျိုးများ ဖြစ်ထွန်းစေသည်ဟု ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။ ပုံမှန်သွေးလှူဒါန်းသူသည် အများအကျိုးဆောင် သည့်စိတ်၊ အသင်းအဖွဲ့စိတ်ဓာတ်တို့ ဖြစ်ပေါ်စေခြင်း၊ သွေးထုတ်ယူလိုက်ခြင်းကြောင့် ခန္ဓာကိုယ်မှ အဆီကယ်လိုရီ ၆၅၀ ခန့် လောင်မြိုက်သွားစေကာ ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာစသည့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေနည်းပါးစေသည်ဟုဆိုသည်။ ထို့အပြင် သွေးပုံမှန်လှူဒါန်းသော အမျိုးသားများတွင် နှလုံးရောဂါဖြစ်နိုင်မှုအလားအလာ ၈၈ ရာခိုင်နှုန်း လျော့ကျနိုင်ပြီး နှလုံးကြောင့် လေဖြတ်ခြင်းအလားအလာကို ၃၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်ဟု လေ့လာတွေ့ရှိထားကြောင်းလည်း သိရသည်။
သွေးလှူခြင်းသည် လူ့အသက်ကို ကယ်တင်ခြင်းဖြစ်ပြီး မိမိခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ရပ်ကို စွန့်လွှတ်လှူဒါန်းခြင်းဖြစ်သည့်အလျောက် မွန်မြတ်သည့်ဒါနဖြစ်ရာ သွေးပေးလှူ၍ အသက်ကယ်ကြ ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။


