မြန်မာဝူရှူးအဖွဲ့ ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးလေးခု ထပ်မံဆွတ်ခူး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲ တတိယနေ့ ကို ယနေ့နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ဆက်လက်ကျင်းပရာ မြန်မာ တက္ကသိုလ် ဝူရှူးအားကစားအဖွဲ့က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးလေးခု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။

တတိယနေ့တွင် ဆန်းဆိုပြိုင်ပွဲမှ ကီလိုတန်းရှစ်တန်း၏ ဗိုလ်လုပွဲများ ကျင်းပခဲ့ပြီး ထောက်လုပြိုင်ပွဲတွင်လည်း ပြိုင်ပွဲငါးမျိုး ကျင်းပခဲ့သည်။ မြန်မာ ဝူရှူးအဖွဲ့အတွက် ရွှေတံဆိပ်နှစ်ခုကို ဆန်းဆို အမျိုးသမီး ၅၂ ကီလိုတန်းမှ နီနီအေးနှင့်အမျိုးသမီး ၅၆ ကီလိုတန်းမှ နန်းချယ်ရီခမ်းတို့က ရယူနိုင်ခဲ့သည်။ 

ငွေတံဆိပ်ဆုများကို အမျိုးသမီးနန်းတောင်းနှင့် နန်းကွန့်ပြိုင်ပွဲနှစ်ခုပေါင်းမှ အေးသစ္စာမြင့်၊ အမျိုးသမီး တောင်းစုနှင့် ကွန့်စုပြိုင်ပွဲနှစ်ခုပေါင်းမှ ခိုင်ဇင်သက် တို့က ရရှိခဲ့သည်။ အေးသစ္စာမြင့်သည် ယမန်နေ့က ယှဉ်ပြိုင်သည့် နန်းတောင်းပြိုင်ပွဲတွင် ၉ ဒသမ ၆၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သော်လည်း ယနေ့ ယှဉ်ပြိုင်သည့် နန်းကွန့်ပြိုင်ပွဲတွင် ၉ ဒသမ ၃၂ မှတ်သာရခဲ့သောကြောင့် မလေးရှား ကစားသမားက ရွှေတံဆိပ်ရခဲ့ခြင်းဖြစ်သည်။ 

ကြေးတံဆိပ်ဆုများကို အမျိုး သမီး ၄၈ ကီလိုတန်းတွင် ဆောင်းနှင်းထက်၊ အမျိုးသား ၆၀ ကီလိုတန်းတွင် ဟိန်းသီရိ၊ ၆၅ ကီလိုတန်းတွင် အောင်ကောင်းမြတ်၊ ၇၀ ကီလိုတန်းတွင် ငြိမ်းငြိမ်းထွန်းတို့က ရရှိခဲ့သည်။ မြန်မာဝူရှူးအဖွဲ့သည် တတိယနေ့အပြီးအထိ ရွှေခြောက်ခု၊ ငွေသုံးခု၊ ကြေးလေးခုရထားပြီး လက်ရှိ မြန်မာတက္ကသိုလ် အားကစားအဖွဲ့များတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် အများဆုံး ရရှိထားသည်။ ပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-စိုးညွန