မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

 

မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှု ဗဟိုကော်မတီ၏ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) စွယ်တော်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်တို့က အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုး၊ အဓိကမျိုးနွယ်စု (၈) မျိုးရှိကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမျိုးသားဝတ်စုံများသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက်လက္ခဏာအရ အရေးပါ‌ကြောင်း၊ တိုင်းရင်းသားဝတ်စုံများကို ဆန်းသစ်တီထွင်မှုများကြောင့် အရိုးပေါ်အရွက်ဖုံးမဖြစ်စေဘဲ အမျိုးသားဝတ်စုံအမှန်ကို သတ်သတ်မှတ်မှတ် ထားရှိရန်လိုအပ်ကြောင်း၊ တိုင်းရင်းသား မျိုးနွယ်စုအားလုံး၏ သီးခြားစီရှိနေသော ဝတ်စုံများကို တစ်ပြိုင်တည်း အသိအမှတ်ပြု သတ်မှတ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပထမဆုံးအကြိမ်တွင် ပင်မတိုင်းရင်းသား လူမျိုး (၈) မျိုး၏ ဝတ်စုံများကို ဦးစားပေး ဆွေးနွေးပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုများကိုမူ သုတေသနပြုပြီး အသင့်ရှိလျှင်ရှိသလောက် ဆွေးနွေးတင်ပြ စေလိုကြောင်း၊ မျိုးနွယ်စုများ၏ တိုင်းရင်းသားဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းမှတ်ရာ အထောက်အထားများ၊ မြေပြင်ကွင်းဆင်း လေ့လာမှတ်တမ်း ပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ကာ အတည်ပြုနိုင်ကြရန် လိုအပ်ကြောင်း၊ အတည်ပြုပြီးနောက် စာအုပ်စာတမ်း၊ ရုပ်သံဗီဒီယိုများဖြင့် ထိန်းသိမ်းမှတ်တမ်းတင်ရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသား လူမျိုးများ၏အမျိုးသား ဝတ်စုံမှန်သတ်မှတ်ရေးကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာတိုင်းရင်းသားလူမျိုးများ၏ ဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ၊ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက အစည်းအဝေး ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော အမြဲတမ်းအတွင်းဝန်များက ဖြည့်စွက်ဆွေးနွေးကြသည်။

ဆက်လက်၍ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား ကိုယ်စားလှယ်များက မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးအတွက် သက်ဆိုင်ရာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံစာရေး ဆရာအသင်း အတွင်းရေးမှူး ဦးညွန့်တင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက နိဂုံးချုပ်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်