မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်

၁၆  သြဂုတ်

 

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိပါသည်။ ဤ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က လက်တွဲထူထောင်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်သည် သတ်မှတ် အရည်အချင်းပြည့်မီသော ကျောင်းသူကျောင်းသားတို့ကို နိုင်ငံ၏ဒေသ အနှံ့အပြားမှခေါ်ယူ၍ ကမ္ဘာ့အဆင့်မီ ပညာရပ်တို့ကို သင်ကြားပို့ချပေးပါသည်။ ဤတက္ကသိုလ်၌ ကွန်ပျူတာပရိုဂရမ် အင်ဂျင်နီယာ (Computer Science & Engineering) နှင့် အီလက်ထရွန်နစ်ဆက်သွယ်ရေးအင်ဂျင်နီယာ (Electronics & Communication Engineering) တို့ကို သင်ကြားပို့ချလျက် ရှိပါသည်။

 

မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ထူထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့က နားလည်မှုစာချွန်လွှာ တစ်ရပ်ကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ထူထောင်ရာ၌ အိန္ဒိယနိုင်ငံရှိ အောင်မြင်မှုရရှိပြီးဖြစ်သော International Institute of Information Technology ၏ သင်ရိုးညွှန်းတမ်းနှင့် ဖွဲ့စည်းလုပ်ကိုင်ပုံတို့ကို စံနမူနာပြုဆောင်ရွက် ခဲ့ပါသည်။ အဆိုပါ International Institute of Information Technology  သည် အိန္ဒိယနိုင်ငံဘန်ဂလို (Bangalore) မြို့၌ တည်ရှိပါသည်။

 

နှစ်နိုင်ငံအကြားလက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံအစိုးရက မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ထူထောင်မည့် မြေနေရာနှင့်အဆောက်အအုံများ အပါအဝင် တခြားသော အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးခဲ့ပါသည်။ အိန္ဒိယနိုင်ငံအစိုးရက ဘဏ္ဍာရေးနှင့်နည်းပညာ အပါအဝင် ခေတ်မီသင်ကြားမှု အထောက်အကူပြု ပစ္စည်းကိရိယာတို့ကို အပြည့်အစုံ ပံ့ပိုးတပ်ဆင်ပေးခဲ့ပါသည်။ နှစ်နိုင်ငံအစိုးရ၏ ဤသို့လက်တွဲဆောင်ရွက်မှုသည် International Institute of Information Technology ၏ ဦးဆောင်ပံ့ပိုးမှုဖြင့် မြန်မာသတင်းအချက် အလက်နည်းပညာ တက္ကသိုလ်အား အချိန်တိုအတွင်း ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် ထူထောင်နိုင်ရန် ဖြစ်ပါသည်။

 

ပစ္စုပ္ပန်ကာလ၌ နိုင်ငံတို့၏ ရှင်သန်ရပ်တည်နိုင်ရေးသည် သတင်းအချက်အလက် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှပြင်ဆင် အကောင်အထည်ဖော်နိုင်စွမ်း ရှိသည်ဟူသော အချက်အပေါ်မူတည် လျက်ရှိသည်ဟု မှတ်ချက်ပြုကြပါသည်။ လေ့လာသုတေသန ပြုလုပ်မှုတို့အရ မြန်နှုန်းမြင့်အင်တာနက် အသုံးပြုမှုအား ၁၀ ရာခိုင်နှုန်းတိုးမြှင့်နိုင်ပါက တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ)သည် ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာပါသည်။ အလားတူပင် လက်ကိုင်တယ်လီဖုန်း အသုံးပြုမှု အား ၁၀ ရာခိုင်နှုန်း တိုးမြှင့်နိုင်ပါက တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး(ဂျီဒီပီ) သည် ဝ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာပါသည်။ ဤအချက်အလက်တို့အား သုံးသပ်ခြင်းအားဖြင့် မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်က နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ကောင်းတို့ ဖန်တီးပေးနိုင်သည်ကို မှန်းဆနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အိန္ဒိယအစိုးရတို့၏ လက်တွဲဆောင်ရွက်မှုအား ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း